Monday, March 11, 2013

ဥရဂပေတဝတ္ထု

ပေတဝတ္ထုပါဠိတော်
မြန်မာပြန်
၁ - ဥရဂဝဂ်
၁၂ - ဥရဂပေတဝတ္ထု
    သားသေဆုံးလျက် မငိုကြွေးသော အဖ အမိ နှစ်မ မယား လေးဦးတို့
ပြောပုံနှင့် သေသူကို လွမ်းဆွတ်ငိုကြွေးခြင်း၏ အကျိုးမရှိပုံ ဥပမာ အစုံအလင်ပါသော ဝတ္ထု
    ၈၅။ မြွေသည် အရောဟောင်းကို စွန့်၍ သွားသကဲ့သို့ ဤအတူ သံသရာ၌
ကျင်လည်ရသော သတ္တဝါသည် ခန္ဓာကိုယ်ကို အသုံးမပြုနိုင်ဘဲ အသတ်ကင်း၍ သေသည်
ရှိသော် မိမိ၏ ဆွေးမြေ့သော ကိုယ်ကို စွန့်၍ သွားရ၏။
    ၈၆။ ထိုသေသူသည် မိမိလားရာရောက် ‘ဂတိ’ သို့ သွားသည်ဖြစ်၍
မီးလောင်ကျွမ်းနေသော ကိုယ်သည် ဆွေးမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့်
ဤငါ့သားကို (အကြောင်းပြု၍) မငိုဟု (သေသူ၏ အဖဖြစ်သော ပုဏ္ဏားက ဆို၏)။
    ၈၇။ ငါ့သား လာလှည့်ဟု မခေါ်ဘဲ ထိုတမလွန်လောကမှ လာ၏၊
ငါ့သား သွားတော့ဟု ခွင့်မပြုဘဲ ဤပစ္စုပ္ပန်လောကမှ သွား၏၊ အကြင်သို့သော
အခြင်းအရာအားဖြင့် (မခေါ်ဘဲ) လာ၍ ထိုသို့သော အခြင်းအရာအားဖြင့် (ခွင့်မပြုဘဲ)
သွား၏၊ ထိုအလိုသို့ မလိုက်ဘဲ ကျင်လည်၍ ဖြစ်ရာ၌ ငိုကြွေးမြည်တမ်းခြင်းသည်
အဘယ်အကျိုးရှိအံနည်း။
    ၈၈။ ထိုသေသူသည် မိမိလားရောက်ရာ ‘ဂတိ’ သို့ သွားသည်ဖြစ်၍
မီးလောင်ကျွမ်းနေသော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ 
ထို့ကြောင့် ဤငါ့သားကို အကြောင်ပြု၍ မငိုဟု (အမိပုဏ္ဏားမက ဆို၏)။
    ၈၉။ အကယ်၍ ငိုကြွေးခဲ့ပါမူ ပိန်ချုံးရုံမျှသာ ဖြစ်ရာ၏၊ ထိုငိုကြွေးရာ၌
ငါ့အား အဘယ်အကျိုးရှိရာအံ့နည်း၊ ငါတို့၏ ဆွေမျိုး မိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့အား
လွန်စွာ စိတ်မချမ်းသာမှုမျှသာ ဖြစ်ရာ၏။
    ၉၀။ ထိုသေသူသည် မိမိလားရောက်ရာ ‘ဂတိ’ သို့ သွားသည်ဖြစ်၍
မီးလောငကျွမ်းနေသော ကိုယ်သည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊
ထို့ကြောင့် ဤငါ့မောင်ကို အကြောင်းပြု၍ မငိုဟု (နှမငယ်က ဆို၏)။
    ၉၁။ သူငယ်သည် ကောင်းကင်၌ သွားသော လကို ငါ၏ ရထားဘီးကို
ပေးဟု ဆို၍ ငိုသကဲ့သို့၊ ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊
(ထိုသူ၏) ဤစိုးရိပ်ခြင်းသည် ဤသူငယ်၏ အဖြစ်နှင့် တူသည်သာတည်း။
    ၉၂။ ထိုသေသူသည် မိမိလားရောက်ရာ ‘ဂတိ’ သို့ သွားရောက်သည်
ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို
မသိ၊ ထို့ကြောင့် ဤ ငါ့လင်ကို အကြောင်းပြု၍ မငိုဟု (မယားက ဆို၏)။
    ၉၃။ ပုဏ္ဏား ကွဲလေပြီးသော ရေအိုးသည် တစ်ဖန်စပ်၍ မရသကဲ့သို့
ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိပ်ခြင်းသည်
ကွဲလေပြီးသော အိုးကို စပ်၍ မရသည်နှင့် တူသည် သာတည်း။
    ၉၄။ ထိုသေသူသည် မိမိလားရောက်ရာ ‘ဂတိ’ သို့ သွားရောက်သည်
ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊
ထို့ကြောင့် ဤအရှင့်သားကို အကြောင်းပြု၍ မငိုဟု (ကျွန်မက ဆို၏)။
ဥရဂပေတဝတ္ထု ပြီး၏

No comments:

Post a Comment