Sunday, March 10, 2013

အသိဗန္ဓကပုတ္တသုတ်

သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်
၈ - ဂါမဏိသံယုတ်
၆ - အသိဗန္ဓကပုတ္တသုတ်
    ၃၅၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒမြို့ ပါဝါရိကသူဌေး၏ သရက်ဥယျဉ်၌
(သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသိဗန္ဓက၏သား ရွာသူကြီးသည် မြတ်စွာဘုရားထံသို့
ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နောရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား
ဤစကားကို လျှောက်၏- “အသျှင်ဘုရား ကရား ကိုင်ဆောင်ကုန်သော၊ မှော်ပန်းကို ဆင်မြန်းကုန်သော
ရေသို့ ဆင်းသက် တတ်ကုန်သော မီးကို လုပ်ကျွေးတတ်ကုန်သော ပစ္ဆာဘူမိ၌ နေကုန်သော ပုဏ္ဏားတို့သည်
သေလွန်သူကို အထက်သို့ ရောက်စေနိုင်ကုန်၏၊ ကောင်းစွာ သိစေနိုင်ကုန်၏၊ နတ်ပြည်သို့ပင် ရောက်စေ
နိုင်ကုန်၏၊ အသျှင်ဘုရား ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို)
ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်ကား လူအားလုံးကို ခန္ဓာပျက်ကြွေ သေပြီးသည်မှ
နောက်၌ ကောင်းသော လားရာ နတ်ပြည် လောကသို့ ရောက်အောင် ပြုခြင်းငှါ စွမ်းနိုင်ပါ၏လော”
ဟု (လျှောက်၏)။ ရွာသူကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင် နှစ်သက်သည့်
အတိုင်း ဖြေဆိုလော့။
    ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ ယောက်ျားသည်
အသက်ကို သတ်လေ့ရှိ၏၊ မပေး သည်ကို ယူလေ့ရှိ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊
မမှန်ပြောလေ့ရှိ၏၊ ကုန်းစကားကို ပြောတတ်၏၊ ကြမ်းတမ်းသော စကားကို ပြောတတ်၏၊
ပြိန်ဖျင်းသော စကားကို ပြောတတ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ များ၏၊ အမျက်ထွက်သော စိတ်ရှိ၏၊
မှားသော အယူရှိ၏၊ ထိုယောက်ျားကို များစွာသော လူအပေါင်းသည် စည်းဝေး၍ 
“ဤယောက်ျားသည် ခန္ဓာပျက် ကြွေသေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်လောကသို့
ရောက်ပါစေ” ဟူ၍ တောင်းပန်ရာ၏ ချီးမွမ် ရာ၏၊ လက်အုပ်ချီကာ အဖန်တလဲလဲ ဆုတောင်းရာ၏။
ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထို ယောက်ျားသည် များစွာသော
လူအပေါင်းက တောင်းပန် ချီးမွမ်းခြင်းကြောင့်သော် လည်းကောင်း၊ လက်အုပ်ချီကာ အဖန်တလဲလဲ
ဆုတောင်းခြင်းကြောင့်သော် လည်းကောင်း ခန္ဓာပျက်ကြွေ သေပြီးသည်မှနောက်၌ ကောင်းသော
လာရာ နတ်ပြည်လောကသို့ ရောက်ရာသလော။ အသျှင်ဘုရား မရောက်ရပါ။
    ရွာသူကြီး ဥပမာသော်ကား ယောက်ျားတစ်ယောက်သည် ကြီးစွာသော ကျောက်တုံးကို
နက်စွာသော ရေအိုင်၌ ချရာ၏၊ ထိုကျောက်တုံးကို များစွာသော လူအပေါင်းသည် စည်းဝေး၍
“ကျောက်တုံး ထပါလော့၊ ကျောက်တုံး ပေါ်ပါလော့၊ ကျောက်တုံး ကုန်းသို့ တက်ပါလော့” ဟူ၍
တောင်းပန်ရာ၏၊ ချီးမွမ်း ရာ၏၊ လက်အုပ်ချီကာ အဖန်တလဲလဲ ဆုတောင်းရာ၏။
    ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုကျောက်တုံးသည် များစွာသော
လူအပေါင်း၏ တောင်းပန် ချီးမွမ်းခြင်းကြောင့်သော်လည်းကောင်း၊ လက်လုပ်ချီကာ အဖန်တလဲလဲ
ဆုတောင်းခြင်းကြောင့်သော် လည်းကောင်း၊ ထရာ သလော၊ ပေါ်ရာ သဘော၊ ကုန်းသို့ တက်ရာသဘော။
အသျှင်ဘုရား ဤသို့ မဖြစ်နိုင်ရာပါ။
ရွာသူကြီး ဤအတူ အကြင်ယောက်ျားသည် အသက်သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊
ကာမတို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မမှန် ပြောလေ့ရှိ၏၊ ကုန်းစကား ပြောတတ်၏၊ ကြမ်းတမ်းသော
စကားကို ပြောတတ်၏၊ ပြိန်ဖျင်းသော စကားကို ပြောတတ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ များ၏၊
အမျက်ထွက်သော စိတ်ရှိ၏၊ မှားသော အယူရှိ၏၊ ထိုယောက်ျားကို များစွာသော လူအပေါင်းသည်
စည်းဝေး၍ “ဤယောက်ျားသည် ခန္ဓာပျက်ကြွေသေပြီးသည်မှ နောက်၌ ကောင်းသော လားရာ
နတ်ပြည်သို့ ရောက်ပါစေ” ဟူ၍ တောင်းပန်စေကာမူ ချီးမွမ်းစေကာမူ လက်အုပ်ချီကာ
အဖန်တလဲလဲ ဆုတောင်းစေကာမူ ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ
ပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ ရောက်ရာ၏။
    ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။ ဤလောက၌ ယောက်ျားသည်
အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ
ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားပြောခြင်းမှ ရှောင်ကြဉ်၏၊
ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကား ပြောခြင်းမှ ရှောင်ကြဉ်၏၊
မက်မောမှု ‘အဘိဇ္ဈာ’ မများ၊ အမျက်မထွက်သော စိတ်ရှိ၏၊ မှန်ကန်သော အယူရှိ၏၊ 
ထိုယောက်ျားကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ဤယောက်ျားသည် ခန္ဓာပျက်ကြွေ
သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ ပျက်စီး ကျရောက်ရာ အပါယ်ငရဲသို့
ရောက်ပါစေ” ဟူ၍ တောင်းပန်ရာ၏ ချီးမွမ်းရာ၏ လက်အုပ်ချီကာ အဖန်တလဲလဲ ဆုတောင်းရာ၏။
ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုယောက်ျားသည် များစွာသော
လူအပေါင်း၏ ချီးမွမ်းခြင်းကြောင့်သော် လည်းကောင်း၊ လက်အုပ်ချီကာ အဖန်တလဲလဲ
အားထုတ်ခြင်းကြောင့်သော် လည်းကောင်း ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌
မကောင်းသော လားရာ ပျက်စီးကျရောက်ရာ အပါယ်ငရဲသို့ ရောက်ရာသလော။
မရောက်ရာပါ အသျှင်ဘုရား။
    ရွာသူကြီး ဥပမာသော်ကား ယောက်ျားသည် ထောပတ်အိုးကိုသော် လည်းကောင်း၊
ဆီအိုးကိုသော် လည်းကောင်း၊ နက်စွာသော ရေအိုင်၌ နစ်မြုပ်၍ ခွဲရာ၏၊ ထိုခွဲရာ၌ ကျောက်စရစ်အိုးခြင်း
တို့သည် အောက်သို့ ကျ၍ ထောပတ်သည် လည်းကောင်း၊ ဆီသည် လည်းကောင်း အထက်သို့ တက်ရာ၏၊
ထိုထောပတ်ဆီကို များစွာသော လူအပေါင်းသည် စည်းဝေး၍ “ထောပတ်ဆီ မြုပ်ပါလော့၊
ထောပတ်ဆီ နစ်ပါလော့၊ ထောပတ်ဆီ အောက်သို့ သွားပါလော့” ဟူ၍ တောင်းပန်ရာ၏၊ ချီးမွမ်းရာ၏၊
လက်အုပ်ချီကာ အဖန်တလဲလဲ ဆုတောင်းရာ၏။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊
စင်စစ်သော်ကား ထောပတ်ဆီသည် များစွာသော လူအပေါင်း၏ တောင်းပန်ချီးမွမ်းခြင်းကြောင့်သော်
လည်းကောင်း၊ လက်အုပ်ချီကာ အဖန်တလဲလဲ ဆုတောင်းခြင်းကြောင့်သော် လည်းကောင်း
မြုပ်ရာသလော၊ နစ်ရာ သလော၊ အောက်သို့ ကျရသလော။
    ဤသို့ မဖြစ်နိုင်ပါ အသျှင်ဘုရား၊ ရွာသူကြီး ဤအတူ အကြင်သူသည် အသက်သတ်ခြင်းမှ
ရှောင်ကြဥ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊
မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကား ပြောခြင်းမှ ရှောင်ကြဉ်၏ ကြမ်းတမ်းသော စကားကို
ပြောခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကား ပြောခြင်းမှ ရှောင်ကြဉ်၏၊ မက်မောမှု ‘အဘိဇ္ဈာ’ မများ၊
အမျက်မထွက်သော စိတ်ရှိ၏၊ မှန်ကန်သော အယူရှိ၏၊ ထိုယောက်ျားကို များစွာသော လူအပေါင်းသည်
စည်းဝေး၍ “ ဤယောက်ျားသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ မကောင်းသော လားရာ
ပျက်စီးကျ ရောက်ရာ အပါယ်ငရဲသို့ ရောက်ပါစေ” ဟူ၍ တောင်းပန်စေကာမူ ချီးမွမ်းစေကာမူ
လက်အုပ်ချီကာ အဖန်တလဲလဲ ဆုတောင်းစေကာမူ ထိုယောက်ျားသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ
နောက်၌ ကောင်းသောလားရာ နတ်ပြည် လောကသို့ ရောက်ရာ၏။ ဤသို့ မိန့်တော်မူသော်
အသိဗန္ဓက၏သား ရွာသူကြီးသည် မြတ်စွာဘုရားအား “အသျှင်ဘုရား တရားတော်သည် အလွန်
နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟု
မှတ်ယူတော်မူပါ” ဟု (လျှောက်၏)။
ဆဋ္ဌသုတ် ပြီး၏

No comments:

Post a Comment