Sunday, March 10, 2013

တာလပုဋသုတ်

သဠာရတနဝဂ္ဂသံယုတ်ပါဠိတော်
မြန်မာပြန်
၈ - ဂါမဏိသံယုတ်
၂ - တာလပုဋသုတ်
    ၃၅၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်၌ ရှဥ့်နက်တို့အား အစာပေးကျွေးရာ
ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ တာလပုဋမည်သော ဇာတ်ဆရာကြီး
သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်
ဤစကားကို လျှောက်၏- “မြတ်စွာဘုရား ‘ပွဲအလယ်၊ သဘင်အလယ်၌ မှန်မမှန် အားဖြင့် လူအပေါင်းကို
ရွှင်ပျမွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော
နတ်တို့၏ အသင်းဝင် ဖြစ်ရ၏’ ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို
ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုတော် မူပါသနည်း” ဟု (လျှောက်၏)။
ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူ၏။
    နှစ်ကြိမ်မြောက်လည်း တာလပုဋဇာတ်ဆရာကြီးသည် မြတ်စွာဘုရားအား ဤစကားကို
လျှောက်၏ - “ မြတ်စွာဘုရား ‘ပွဲအလယ်၊ သဘင်အလယ်၌ မှန်မမှန် အားဖြင့် လူအပေါင်းကို
ရွှင်ပျမွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော
နတ်တို့၏ အသင်းဝင် ဖြစ်ရ၏’ ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို
ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုတော်မူပါသနည်း” ဟု (လျှောက်၏)။
ဇာတ်ဆရားကြီး မသင့်လျော်၊ ဤ စကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူ၏။
    သုံးကြိမ်မြောက်လည်း တာလပုဋဇာတ်ဆရာကြီးသည် မြတ်စွာဘုရားအား ဤစကားကို
လျှောက်၏ - “ မြတ်စွာဘုရား ‘ပွဲအလယ်၊ သဘင်အလယ်၌ မှန်မမှန် အားဖြင့် လူအပေါင်းကို
ရွှင်ပျမွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော
နတ်တို့၏ အသင်းဝင် ဖြစ်ရ၏’ ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို
ကြားရဖူးပါ၏၊ ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုတော်မူပါသနည်း” ဟု (လျှောက်၏)။
    “ဇာတ်ဆရားကြီး မသင့်လျော်၊ ဤ စကားကို ရပ်လော့၊ ငါ့ကို မမေးလင့်” ဟု မချွတ်လျှင်
သင့်ကို ငါပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ ဇာတ်ဆရာကြီး ရှေးအစကပင်
သတ္တဝါတို့သည် မကင်းသော ‘ရာဂ’ ရှိကုန်၏၊ စွဲမက်မှု ‘ရာဂ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊
ထိုသူတို့အား ကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ စွဲမက်မှုကို ဖြစ်စေတတ်သော
တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။ ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည်
မကင်းသော အမျက် ‘ဒေါသ’ ရှိကုန်၏၊ အမျက် ‘ဒေါသ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား
ကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ အမျက်ထွက်စေတတ်သော တရားတို့ကို အတိုင်းထက်
အလွန် ရှေးရှုဆောင်၏။
    “ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော တွေဝေမှု ‘မောဟ’ ရှိကုန်၏၊
တွေဝေမှု ‘မောဟ’ နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ် သဘင်အလယ်
၌ တွေဝေမှုကို ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။
    ထိုကချေသည်သည် မိမိကိုယ်တိုင် ယစ်မူးမေ့လျော့လျက် သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့စေရကား
ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော ငရဲသို့ ရောက်ရ၏၊ “ပွဲအလယ် သဘင်အလယ်၌
မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျ မွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ
နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်၏” ဟု ထိုသူအား အယူဖြစ်ခဲ့မူ
ထိုသူ၏ အယူသည် မှားသော အယူသာ ဖြစ်၏၊ ဇာတ်ဆရာကြီး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား
ငရဲ, တိရစ္ဆာန်ဟူသော လာရာ ‘ဂတိ’ နှစ်ပါးတို့တွင် တစ်ပါးပါးသော လားရာ ‘ဂတိ’ ကို ငါ ဟော၏ဟု မိန့်တော်မူ၏။
    ဤသို့ မိန့်တော်မူသော် တာလပုဋဇာတ်ဆရာကြီးသည် ငိုလေ၏၊ မျက်ရည်ကျ၏။
“ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးပါလင့်” ဟု သင့်ကို ငါပြော၍ မရခဲ့ပေ။
အသျှင်ဘုရား မြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည်မဟုတ်ပါ၊
အမှန်စင်စစ်သော်ကား ပွဲအလယ်၊ သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသော
ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့
ရောက်ရ၏ ဟု ရှေးဆရာ့ဆရာ ကချေသည်တို့သည် တပည့်တော်ကို အချိန်ကြာမြင့်စွာကပင် ကောက်ကျစ်လှည့်
ပတ် ဖြားယောင်းအပ်ပါ၏။
    အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည်
အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား ဥပမာအားဖြင့် မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့
လည်းကောင်း၊ ဖုံးလွှမ်းထားအပ်သော ဝတ္ထုကို ဖွင့်ပြဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သော သူအား
လမ်းမှန်ကို ပြောကြားသကဲ့သို့ လည်းကောင်း၊ ‘မျက်စိအမြင် ရှိသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’
ဟု အမိုက်အမှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြသကဲ့သို့ လည်းကောင်း ဤအတူသာလျှင် မြတ်စွာဘုရားသည်
အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ ရဟန်းသံဃာတော်ကို
လည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို
ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ဟု (လျှောက်၏)။ တာလပုဋ ဇာတ်ဆရာကြီးသည် မြတ်စွာဘုရား၏ အထံ၌
ရှင်အဖြစ်ကို ရ၏၊ ပဉ္စင်းအဖြစ်ကို ရ၏၊ အသျှင်တာလပုဋသည် ပဉ္စင်းဖြစ်၍ မကြာမြင့်မီ။ပ။ ရဟန္တာတို့တွင်
တစ်ပါး အပါအဝင် ဖြစ်လေ၏။
ဒုတိယသုတ် ပြီး၏။

No comments:

Post a Comment