Friday, March 8, 2013

မဟာမာလုကျသုတ် 3

၁၃၃။ အာနန္ဒာ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို
ပယ်စွန့်ရန် လမ်းကြောင်းကား အဘယ်နည်း။ အကျင့်ကား အဘယ်နည်း။
ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ် ကင်းဆိတ်ခြင်းဖြင့် အကုသိုလ် တရားတို့ကို
ပယ်ခြင်းကြောင့် အချင်း ခပ်သိမ်း ကိုယ်လေးတွဲခြင်းတို့၏ ငြိမ်းခြင်းကြောင့် ကာမဂုဏ်တို့မှ
ကင်းဆိတ်၍ သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍ သာလျှင် ဝိတက်နှင့်လည်း
တကွ, ဝိစာရနှင့်လည်း တကွ ဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့် ဖြစ်သော
ပီတိ သုခရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။
    ထိုရဟန်းသည် ထိုသမာပတ်၌ ပါဝင်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်
တရားတို့ကို မမြဲသော အားဖြင့်၊ ဆင်းရဲသော အားဖြင့်၊ ရောဂါအားဖြင့်၊ အိုင်းအမာ အားဖြင့်၊
မြားငြောင့် အားဖြင့်၊ မချမ်းသာသော အားဖြင့်၊ အနာအားဖြင့်၊ သူစိမ်း ပြင်ပ အားဖြင့်၊
ကောင်းစွာ ရှု၏၊ ထိုရဟန်းသည် ထိုခန္ဓာ ငါးပါးတို့မှ စိတ်ကို ကွာစေ၏။
ထိုရဟန်းသည် ထိုခန္ဓာငါးပါး တရားတို့မှ စိတ်ကို ကွာစေ၍ “သင်္ခါရ အားလုံး တို့၏
ငြိမ်းရာ၊ ဥပဓိ အားလုံးတို့ကို စွန့်လွှတ်ရာ၊ တောင့်တမှု ကုန်ရာ၊ တပ်မက်မှု ကင်းရာ၊
ချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ငြိမ်သက်၏ မွန်မြတ်၏” ဟု အမြိုက်ဓာတ်သို့ စိတ်ကို
ရှေးရှုဆောင်၏၊ ထိုရဟန်းသည် ထိုဝိပဿနာ၌ တည်လျက် အာသဝေါ တရား ကုန်ခြင်းသို့
ရောက်၏၊ အာသဝေါ ကုန်ခြင်းသို့ အကယ်၍ မရောက်သည် ဖြစ်အံ့၊ ထိုဝိပဿနာ
တရား၌ တပ်မက်မှုဖြင့်, ထိုဝိပဿနာ တရား၌ နှစ်သက်ခြင်းဖြင့် အောက်တန်း၌
ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့၏ ကုန်ခြင်းကြောင့် ဥပပါတ် ပဋိသန္ဓေနေသော
ဗြဟ္မာဖြစ်၏၊ ထိုဗြဟ္မာ့ပြည်၌ ပင်လျှင် ပရိနိဗ္ဗာန် ပြုရာ၏၊ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ခြင်း
သဘော မရှိချေ။ အာနန္ဒာ အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို
ပယ်စွန့်ရန် ဤသည်ကား လမ်းကြောင်းတည်း၊ ဤသည်ကား အကျင့်တည်း။
    အနန္ဒာ ထိုမှတစ်ပါး ဝိတက် ဝိစာရတို့၏ ငြိမ်းခြင်းကြောင့်။ပ။ ဒုတိယဈာန်သို့
ရောက်၍နေ၏။ပ။ တတိယဈာန်သို့။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ထိုရဟန်းသည်
ထိုသမာပတ်၌ ပါဝင်သော ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် တရားတို့ကို။ပ။
ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ခြင်း သဘော မရှိတော့ချေ။ အာနန္ဒာ အောက်တန်း၌
ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်စွန့်ရန် ဤသည်ကား လမ်းကြောင်းတည်း၊
ဤသည်ကား အကျင့်တည်း။
    အာနန္ဒာ ထိုမှတစ်ပါး ရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ရူပ
သညာတို့ကို လွန်မြောက်ခြင်းကြောင့် ပဋိဃ သညာတို့၏ ချုပ်ငြိမ်းခြင်းကြောင့် အထူး
ထူးသော သညာတို့ကို နှလုံးမသွင်း မူ၍ “ကောင်းကင်သည် အဆုံးမရှိ” ဟု ပွားများလျက်
အာကာသာနဉ္စာယတနဈာန်သို့ ရောက်၍ နေ၏။
    ထိုရဟန်းသည် ထိုသမာပတ်၌ ပါဝင်သော ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်,
တရားတို့ကို။ပ။ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ခြင်း သဘော မရှိတော့ချေ။ အာနန္ဒာ အောက်တန်း၌
ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်စွန့်ရန် ဤသည်ကား လမ်းကြောင်းတည်း၊
ဤသည်ကား အကျင့်တည်း။
    အာနန္ဒာ ထိုမှတစ်ပါး ရဟန်းသည် အလုံးစုံအားဖြင့် အာကာသနဉ္စာယတနဈာန်ကို
လွန်မြောက်၍ “ပဌမာ ရုပ္ပဝိညာဏ်သည် အဆုံးမရှိ” ဟု စီးဖြန်းလျက် ဝိညာဏဉ္စာယတနဈာန်သို့
ရောက်၍ နေ၏။ ထိုရဟန်းသည် ထိုသမာပတ်၌ ပါဝင်သော ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်,
တရားတို့ကို။ပ။ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ခြင်း သဘော မရှိတော့ချေ။ အာနန္ဒာ အောက်တန်း၌
ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်စွန့်ရန်ဤသည်ကား လမ်းကြောင်းတည်း၊
ဤသည်ကား အကျင့်တည်း။
    အာနန္ဒာ ထိုမှတစ်ပါး ရဟန်းသည် ခပ်သိမ်းသော အခြင်းအရာ အားဖြင့် ဝိညာဏဉ္စာယတနဈာန်
ကို လွန်မြောက်၍ “တစ်စုံ တစ်ခု စိုးစည်းမျှ မရှိ” ဟု ပွားများလျက် အာကိဉ္စညာယနဈာန်သို့
ရောက်၍ နေ၏။ ထိုရဟန်းသည် ထိုသမာပတ်၌ ပါဝင်သော ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်,
တရားတို့ကို။ပ။ ထိုဗြဟ္မာ့ပြည်မှ ပြန်လည်ခြင်း သဘော မရှိတော့ချေ။ အာနန္ဒာ အောက်တန်း၌
ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို ပယ်စွန့်ရန် ဤသည်ကား လမ်းကြောင်းတည်း၊
ဤသည်ကား အကျင့်တည်း ဟု(မိန့်တော်မူ၏)။
    အသျှင်ဘုရား အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို
ပယ်စွန့်ရန် ဤသည်ပင် လမ်းကြောင်း, ဤသည်ပင် အကျင့်ဖြစ်ပါမူ ဤသာသနာတော်၌
အဘယ့်ကြောင့် အချို့သော ရဟန်းတို့သည် စေတော ဝိမုတ္တ ဖြစ်ကုန်၍ အချို့သော
ရဟန်းတို့သည် ပညာ ဝိမုတ္တိ ဖြစ်ပါကုန် သနည်း ဟု (လျှောက်၏)။ အာနန္ဒာ ဤအရာ၌
ဣနြေ္ဒ ထူးခြားသည်၏ အဖြစ်ကို စွဲ၍ ဤသို့ ဖြစ်၏ ဟူ၍ ငါဟော၏ ဟု မြတ်စွာဘုရားသည်
ဤစကားကို မိန့်တော်မူ၏။ အသျှင် အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်ခြိုက်
ဝမ်းမြောက်လေ၏။

No comments:

Post a Comment