ပေတဝတ္ထုပါဠိတော်
မြန်မာပြန်
၂ - ဥဗ္ဗရိဝဂ်
၎ - နန္ဒာပေတိဝတ္ထု
လင့်အပေါ်၌ မရိုသေ မလေးစား၊ စကားကြမ်းစွာ ပြောဆိုခဲ့သောကြောင့် ပြိတ္တာဘဝတွင်
ရုပ်အသွင်မည်းနက် ကြောက်မက်ဖွယ် ရုပ်အဆင်းရှိနေရာ လင်ဖြစ်သူမြင်တွေ့က သနားလှသဖြင့်
ရဟန်းတို့အား ကျောင်း, အိပ်ရာ စသည် လှူဒါန်း၍ အမျှအတန်းဝေမှ ချမ်းသာရာရသော ပြိတ္တာမ
၁၆၈။ သင်သည် အဆင်းမည်းနက်၍ စက်ဆုပ်ရွံ့ရှာဖွယ် ပုံပန်းသဏ္ဌာန်ရှိသူ, ကြမ်းတမ်းသော
ကိုယ်ခန္ဓ်ာရှိသူ, ကြောက်မက်ဖွယ် အမြင်ရှိသူ, ကြောင်သော မျက်စိ၊ ကျဲသော သွားရှိသူ ဖြစ်၏၊
သင့်ကို လူမိန်းမဟု ငါမထင်ဟု (လင်ဟောင်း နန္ဒိသေနက ပြော၏)။
၁၆၉။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘဝက သင်၏ မယား ဖြစ်ခဲ့ပါ၏၊
မကောင်းမှု ကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ၏ဟု (နန္ဒာကပြော၏)။
၁၇၀။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့် လည်းကောင်း, စိတ်ဖြင့် လည်းကောင်း
အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့
လားရောက် ရသနည်းဟု (နန္ဒိသေနက မေးပြန်၏)။
၁၇၁။ အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ, ကြမ်းတမ်းသော စကားရှိသူ ဖြစ်ခဲ့ပါ၏၊
သင့်အပေါ်၌လည်း မရိုသေခဲ့ပါ၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုခဲ့မိခြင်းကြောင့်
ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ၏ဟု (နန္ဒာက ပြော၏)။
၁၇၂။ ယခု သင့်အား ငါ၏ အပေါ်ရုံအဝတ်ကို ပေးအံ့၊ ဤပုဆိုးကို ဝတ်လော့၊
ဤပုဆိုးကို ဝတ်၍လာလော့၊ သင့်ကို အိမ်သို့ ခေါ်ဆောင်သွားအံ့။
၁၇၃။ သင်သည် အိမ်သို့ ရောက်သည်ရှိသော် အဝတ်ကိုလည်းကောင်း, ထမင်း
အဖျော်ကိုလည်းကောင်း ရလတ္တံ့၊ သင်၏ သားများနှင့် ချွေးမတို့ကိုလည်း မြင်ရလတ္တံ့ဟု (နန္ဒိသေနက ပြော၏)။
၁၇၄-၅။ သင်၏ လက်ဖြင့် အကျွန်ုပ်အား ပေသော ပစ္စည်းသည် အကျွန်ုပ်လက်သို့
မရ မရောက်နိုင်ပါ၊ ရာဂကင်းကုန်သော အကြားအမြင် များကုန်သော သီလနှင့်ပြည့်စုံကုန်သော
ရဟန်းတို့ကို ထမင်း, အဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲစေပါလော့၊ အကျွန်ုပ်အား အလှူ၏အဖို့ကို
ရည်ညွှန်း၍ ပေးဝေပါလော့၊ ထိုအခါ အကျွန်ုပ်သည် ချမ်းသာသည်ဖြစ်၍ အလိုရှိသမျှ အလုံးစုံနှင့်
ပြည့်စုံသူ ဖြစ်ပါလိမ့်မည်ဟု (နန္ဒာက ပြောပြန်၏)။
၁၇၆။ ထိုနန္ဒိသေနသည် ကောင်းပြီဟု ဝန်ခံ၍ ထမင်း, အဖျော်, ခဲဖွယ်, အဝတ်,
ကျောင်း, အိပ်ရာ နေရာ, ထီး, နံ့သာပန်း အထူးထူး အပြားပြားသော ဖိနပ်ဟူသော
ပြန့်ပြောများမြတ်သော ဒါနမျိုးကို ကြဲချ လှူဒါန်း၏။
၁၇၇။ ရာဂ ကင်းကုန်သော၊ အကြားအမြင် များကုန်သော၊ သီလနှင့် ပြည့်စုံကုန်သော
ရဟန်းတို့ကို ထမင်း, အဖျော်ဖြင့် နှစ်သိမ့်ရောက်ရဲစေ၍ ထိုနန္ဒာပြိတ္တာမအား အလှူ၏
အဖို့ကို ရည်ညွှန်းပေးဝေ၏။
၁၇၈။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ်, အဝတ်,
သောက်ရေ ရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏
အကျိုးပင်တည်း။
၁၇၉။ ထို့နောက် စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍၊ စင်ကြယ်သော အဝတ်
ကာသိတိုင်းဖြစ် ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာရှိလျက်
လင် နန္ဒိသေနထံသို့ ချဉ်းကပ်၏။
၁၈၀။ နတ်သမီး သောက်ရှုးကြယ်သည် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းစေဘိ
သကဲ့သို့ သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာ
အားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။
၁၈၁။ သင်သည် အဘယ် ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော
အရောင်အဆင်း ရှိသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင်သည် သင့်အား ဤအရပ်၌
(ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ် ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ်
စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။
၁၈၂။ အာနုဘော်ကြီးမားသော နတ်သမီး သင့်ကို (ငါ) မေး၏၊ လူဖြစ်စဉ်က
အဘယ် ကုသိုလ်ကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော
အာနုဘော် ရှိသနည်း၊ သင်၏ အရောင် အဆင်းသည်လည်း အရပ်မျက်နှာ အားလုံးတို့ကို
ထွန်းလင်း တောက်ပစေလျက် တည်ဘိသနည်းဟု (နန္ဒိသေနက မေး၏)။
၁၈၃။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘဝက သင်၏ မယား
ဖြစ်ခဲ့ပါ၏၊ မကောင်းမှု ကံကို ပြုသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။
၁၈၄။ သင် ပေးလှူအပ်သော အလှူဖြင့် တစ်စုံတစ်ရာ မည်သည့်ဘေးမျှမရှိဘဲ
မွေ့လျော်ရပါ၏၊ သူကြွယ် ဆွေမျိုးအားလုံးတို့နှင့်တကွ ကြာမြင့်စွာ အသက်ရှင်ပါစေလော့၊
စိုးရိပ်ကင်း၍ မြစ်အညစ်အကြေးကင်းသော ဘေးမရှိသော ဝသဝတ္တီနတ်တို့၏
နေရာဘုံသို့ ရောက်ပါစေလော့။
၁၈၅။ သူကြွယ် ဤလူ့ပြည်လောက၌ တရားကို ကျင့်၍ အလှူဒါနကို
ပေးလှူကာ ဝန်တိုခြင်း ‘မစ္ဆေရ’ အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် ကဲ့ရဲ့လွတ်လျက်
နတ်ပြည်သို့ ကပ်ရောက်ပါစေလော့ဟု (နန္ဒာက ဆုံးမစကား ပြောကြား၏)။
နန္ဒာပေတဝတ္ထု ပြီး၏
No comments:
Post a Comment