မဟာဝဂ္ဂသံယုတ်ပါဠိတော်
မြန်မာပြန်
၁ - အဝိဇ္ဇာဝဂ်
၈ - ဝိဘင်္ဂသုတ်
၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည်
သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး)
နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ သင်တို့အား အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ကို
ဟောကြားပေအံ့၊ ဝေဖန်ပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊
ဟောပေအံ့ဟု (မိန့်တော်မူ၏)။ ထိုရဟန်းတို့သည် “အသျှင်ဘုရား ကောင်းပါပြီ” ဟု
မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်သည်
အဘယ်နည်း၊
(၁) “သမ္မာဒိဋ္ဌိ” = မှန်ကန်သော အမြင်၊
(၂) “သမ္မာသင်္ကပ္ပ” = မှန်ကန်သော အကြံ ၊
(၃) “သမ္မာဝါစာ” = မှန်ကန်သော စကား၊
(၄) “သမ္မာကမ္မန္တ” = မှန်ကန်သော အလုပ်၊
(၅) “သမ္မာအာဇီဝ” = မှန်ကန်သော အသက်မွေးမှု၊
(၆) “သမ္မာဝါယာမ” = မှန်ကန်သော အားထုတ်မှု၊
(၇) “သမ္မာသတိ” = မှန်ကန်သော အောက်မေ့မှု၊
(၈) “သမ္မာသမာဓိ” = မှန်ကန်သော တည်ကြည်မှု၊ တို့တည်း။
(၁) “သမ္မာဒိဋ္ဌိ” = မှန်ကန်သော အမြင်၊
ရဟန်းတို့ မှန်ကန်သော အမြင် “သမ္မာဒိဋ္ဌိ” ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဆင်းရဲကိုသိသော ဉာဏ်၊ ဆင်းရဲဖြစ်ကြောင်းကို သိသောဉာဏ်၊
ဆင်းရဲချုပ်ငြိမ်းရာကို သိသောဉာဏ်၊ ဆင်းရဲချုပ်ရာ(နိဗ္ဗာန်)သို့ ရောက်ကြောင်း
အကျင့်ကို သိသောဉာဏ်ပင်တည်း၊ ရဟန်းတို့ ဤသည်ကို မှန်ကန်သော အမြင်
“သမ္မာဒိဋ္ဌိ” ဟု ဆိုအပ်၏။
(၂) “သမ္မာသင်္ကပ္ပ” = မှန်ကန်သော အကြံ ၊
ရဟန်းတို့ မှန်ကန်သော အကြံ “သမ္မာသင်္ကပ္ပ” ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ထွက်မြောက်လိုသော ကြံစည်မှု၊ မပျက်စီးစေလိုသော ကြံစည်မှု၊
မညှဉ်းဆဲလိုသော ကြံစည်မှုသည် ရှိ၏၊ ရဟန်းတို့ ဤသည်ကို မှန်ကန်သောအကြံ
“သမ္မာသင်္ကပ္ပ” ဟု ဆိုအပ်၏။
(၃) “သမ္မာဝါစာ” = မှန်ကန်သော စကား၊
ရဟန်းတို့ မှန်ကန်သော စကား “သမ္မာဝါစာ” ဟူသည် အဘယ်နည်း၊
ရဟန်းတို့ မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊
ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသော စကားကို
ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှိ၏၊ ရဟန်းတို့ ဤသည်ကို မှန်ကန်သောစကား
“သမ္မာဝါစာ” ဟု ဆိုအပ်၏။
(၄) “သမ္မာကမ္မန္တ” = မှန်ကန်သော အလုပ်၊
ရဟန်းတို့ မှန်ကန်သော အလုပ် “သမ္မာကမ္မန္တ” ဟူသည် အဘယ်နည်း၊
ရဟန်းတို့ အသက်သတ်မှုမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊
မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်းသည် ရှိ၏၊ ရဟန်းတို့ ဤသည်ကို
မှန်ကန်သော အလုပ် “သမ္မာကမ္မန္တ” ဟု ဆိုအပ်၏။
(၅) “သမ္မာအာဇီဝ” = မှန်ကန်သော အသက်မွေးမှု၊
ရဟန်းတို့ မှန်ကန်သော အသက်မွေးမှု “သမ္မာအာဇီဝ” ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းသော
အသက်မွေးမှု “မိစ္ဆာဇီဝ” ကို ပယ်၍ မှန်ကန်သော အသက်မွေးမှု “သမ္မာအာဇီဝ” ဖြင့်
အသက်မွေး၏။ ရဟန်းတို့ ဤသည်ကို မှန်ကန်သော အသက်မွေးမှု “သမ္မာအာဇီဝ” ဟု
ဆိုအပ်၏။
(၆) “သမ္မာဝါယာမ” = မှန်ကန်သော အားထုတ်မှု၊
ရဟန်းတို့ မှန်ကန်သော အားထုတ်မှု “သမ္မာဝါယာမ” ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော ယုတ်ညံ့သော
အကုသိုလ်တရားတို့ကို မဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊
စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏၊ ဖြစ်ပြီးကုန်သော ယုတ်ညံ့သော အကုသိုလ်တရား
တို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ပ၊ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို
ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏။ပ။ ဖြစ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်မြဲစေရန်၊
မပျောက်ပျက်စေရန်၊ တိုးတက်ဖြစ်ပွားစေရန်၊ ပြန့်ပြောစေရန်၊ ပွားများမှု ပြည့်စုံစေရန်၊
ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီမြှောက်၏၊ ဆောက်တည်၏။
ရဟန်းတို့ ဤသည်ကို မှန်ကန်သော အားထုတ်မှု “သမ္မာဝါယာမ” ဟု ဆိုအပ်၏။
(၇) “သမ္မာသတိ” = မှန်ကန်သော အောက်မေ့မှု၊
ရဟန်းတို့ မှန်ကန်သော အောက်မေ့မှု “သမ္မာသတိ” ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ အားထုတ်သော လုံ့လရှိသည်
ဖြစ်၍ “သမ္ပဇဉ်” အောက်မေ့မှု “သတိ” ရှိသည်ဖြစ်၍ လောက၌ မက်မောမှု “အဘိဇ္ဈာ”
နှလုံးမသာမှု “ဒေါမနဿ” ကို ပယ်ဖျောက်လျက် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို
အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍
ဆင်ခြင်ဉာဏ် “သမ္ပဇဉ်” အောက်မေ့မှု “သတိ” ရှိသည် ဖြစ်၍ လောက၌ မက်မောမှု
“အဘိဇ္ဈာ်” နှလုံးမသာမှု “ဒေါမနဿ” ကို ပယ်ဖျောက်လျက် ဝေဒနာတို့၌ ဝေဒနာတို့ကို
အကြိမ်ကြိမ်ရှုလေ့ ရှိသည်ဖြစ်၍ နေ၏၊ ပြင်းစွာ အားထုတ်သော လုံ့လရှိသည် ဖြစ်၍
ဆင်ခြင်ဉာဏ် “သမ္ပဇဉ်” အောက်မေ့မှု “သတိ” ရှိသည် ဖြစ်၍ လောက၌ မက်မောမှု
“အဘိဇ္ဈာ” နှလုံးမသာမှု “ဒေါမနဿ” ကို ပယ်ဖျောက်လျက် သဘောတရားတို့၌
သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤသည်ကို
မှန်ကန်သော အောက်မေ့မှု “သမ္မာသတိ” ဟု ဆိုအပ်၏။
(၈) “သမ္မာသမာဓိ” = မှန်ကန်သော တည်ကြည်မှု၊
ရဟန်းတို့ မှန်ကန်သော တည်ကြည်မှု “သမ္မာသမာဓိ” ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရား
တို့မှ ဆိတ်၍သာလျှင် ကြံစည်မှု “ဝိတက်” နှင့်တကွဖြစ်သော သုံးသပ်မှု “ဝိစာရ”
နှင့်တကွဖြစ်သော နီဝရဏဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်မှု “ပီတိ” ချမ်းသာမှု “သုခ”
ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ကြံစည်မှု “ဝိတက်” သုံးသပ်မှု “ဝိစာရ” တို့၏
ချုပ်ခြင်းကြောင့် ကြံစည်မှု “ဝိတက်” သုံးသပ်မှု “ဝိစာရ” မရှိသော စိတ်ကို
ကြည်လင်စေတတ်သော စိတ်၏ တည်ကြည်မှု “သမာဓိ” ကို ဖြစ်စေတတ်သော
တည်ကြည်မှု “သမာဓိ” ကြောင့် ဖြစ်သော နှစ်သိမ့်မှု “ပီတိ” ချမ်းသာမှု “သုခ”
ရှိသော ဒုတိယဈာန်သို့ရောက်၍ နေ၏။ နှစ်သိမ့်မှု “ပီတိ”ကိုလည်း မစွဲမက်ခြင်းကြောင့်
လျစ်လျူရှု၍သာလျှင် နေ၏၊ အောက်မေ့မှု “သတိ” ဆင်ခြင်ဉာဏ် “သမ္ပဇဉ်” နှင့်
ပြည့်စုံသည် ဖြစ်၍ ချမ်းသာမှု “သုခ” ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ (အကြင်
တတိယဈာန်ကြောင့်) ထိုသူကို “လျစ်လျူရှုသူ၊ သတိရှိသူ၊ ချမ်းသာစွာ နေလေ့ရှိသူ” ဟု
အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေ၏။
ချမ်းသာမှု “သုခ” ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲမှု “ဒုက္ခ” ကိုလည်း ပယ်ခြင်းကြောင့်
ဝမ်းသာမှု “သောမနဿ” နှလုံးမသာမှု “ဒေါမနဿ” တို့ ရှေးဦးကပင်လျှင် ချုပ်နှင့်
ခြင်းကြောင့် ဆင်းရဲချမ်းသာကင်းသော လျစ်လျူရှုမှုကြောင့်ဖြစ်သော သတိ၏
စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကို
မှန်ကန်သော တည်ကြည်မှု “သမ္မာသမာဓိ” ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ် ပြီး၏
No comments:
Post a Comment