Monday, March 11, 2013

မဟာပေသကာရပေတဝတ္ထု

ပေတဝတ္ထုပါဠိတော်
မြန်မာပြန်
၁ - ဥရဂဝဂ်
၉ - မဟာပေသကာရပေတဝတ္ထု
    လင်အလှူပေးသည်ကို မယားဖြစ်သူက အမျိုးမျိုးကျိန်ဆဲရာတွင် “သင်၏ အဝတ်တို့သည်
သံပြားနှင့် အတူဖြစ်ပါစေ” ဟု ဆဲရေးခဲ့သောကြောင့် သေသောအခါ သွေးပြည် အညစ်အကြေးကိုစား
သံပြားအဝတ်ကို ဝတ်နေရသူ ပြိတ္တာမ
    ၅၄။ ဤမိန်းမသည် ကျင်ကြီးကို လည်းကောင်း, ကျင်ငယ်ကို လည်းကောင်း, သွေးကို
လည်းကောင်း, ပြည်ကို လည်းကောင်း စားနေရ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်း၊
အခါခပ်သိမ်း သွေးပြည်ကို စားနေသော ဤမိန်းမသည် ရှေးဘဝက အဘယ်အမှုကို ပြုခဲ့ဖူးသနည်း။
    ၅၅။ အသစ်ဖြစ်၍ ကောင်းကုန် နူးညံ့ကုန် စင်ကြယ်သော အဆင်း, နူးညံ့သည့် အမွေး
ရှိကုန်သော အဝတ်တို့ကို ဤမိန်းမအား ပေးလိုက်ကုန်သည် ရှိသော် ယင်းအဝတ်တို့သည် သံပြားကဲ့သို့
ဖြစ်ကုန်၏၊ ဤမိန်းမသည် အဘယ်အမှုကို ပြုခဲ့သနည်းဟု (ရဟန်းက မေး၏)။
    ၅၆-၇။ အရှင်ဘုရား ဤမိန်းမသည် အကျွန်ုပ်၏မယား ဖြစ်ခဲ့ဖူးပါ၏၊ ပေးလှူလေ့ မရှိပါ။
ဝန်တိုလေ့ ရှိပါ၏၊ စဉ်းလဲ ကောက်ကျစ်တတ်ပါ၏၊ ထိုမိန်းမသည် သမဏဗြာဟ္မဏတို့အား
ပေးလှူသော အကျွန်ုပ်ကို “သင်သည် အခါခပ်သိမ်း မစင်ကြယ်သော ကျင်ကြီးကို လည်းကောင်း,
ကျင်ငယ်ကို လည်းကောင်း, သွေးကို လည်းကောင်း, ပြည်ကို လည်းကောင်း စားလော့၊
ဤကျင်ကြီး, ကျင်ငယ်, သွေးပြည် သည် သင့်အား တမလွန်ဘဝ၌ ဖြစ်စေသတည်း။ သင်၏
အဝတ်တို့သည်လည်း သံပြားနှင့်အတူ ဖြစ်စေကုန်သတည်း” ဟု ဆဲရေးလည်း ဆဲရေးပါ၏၊
ခြိမ်းခြောက်လည်း ခြိမ်းခြောက်ပါ၏၊ ထိုမိန်းမသည် ဤသို့ သဘောရှိသော မကောင်းမှု (ဒုစရိုက်)
ကို ပြုကျင့်ခဲ့သောကြောင့် ဤပြိတ္တာဘုံသို့ ရောက်လာ၍ ကြာမြင့်စွာ (ဤကျင်ကြီး စသည်ကို)
စားရ၏ဟု (လျှောက်၏)။
မဟာပေသကာရပေတဝတ္ထု ပြီး၏

No comments:

Post a Comment