Friday, March 8, 2013

ကသိဘာရဒွါဇသုတ်

- သုတ္တနိပါတ်ပါဠိတော် -
၁ - ဥရဂဝဂ် 
၎ - ကသိဘာရဒွါဇသုတ်
    အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည်
မဂဓတိုင်း ဒက္ခိဏာဂိရိဇနပုဒ် ဧကနာဠမည်သော ပုဏ္ဏားရွာ၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ ကသိဘာရဒွါဇ မည်သော ပုဏ္ဏားသည် စိုက်ပျိုးချိန် အခါဝယ် ငါးရာမျှသော
ထွန်တုံးတို့ကို (နွားတို့၌) တပ်ထားအပ်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည်
နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကိုယူဆောင်လျက်
ကသိဘာရဒွါဇပုဏ္ဏား၏ အမှုလုပ်ရာ အရပ်သို့ ချဉ်းကပ်တော်မူ၏၊ ထိုအခါ
ကသိဘာရဒွါဇပုဏ္ဏား၏ ထမင်းကျွေးမွေးနေသော အခါဖြစ်၏။ ထို့နောက်
မြတ်စွာဘုရားသည် ထမင်းကျွေးမွေးရာ အရပ်သို့ ချဉ်းကပ်တော်မူ၍
တစ်ခုသောအရပ်၌ ရပ်တော်မူ၏။
    ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ဆွမ်းအလို့ငှါ ရပ်သည်ကို
မြင်၍ မြတ်စွာဘုရားအား “ရဟန်း ငါသည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း
စိုက်ပျိုး၏၊ ထွန်ပြီး၍ လည်းကောင်း၊ စိုက်ပျိုးပြီး၍ လည်းကောင်း စား၏၊
ရဟန်း သင်သည်လည်း ထွန်လည်း ထွန်လော့၊ စိုက်ပျိုးလည်း စိုက်ပျိုးလော့၊
ထွန်ပြီး၍ လည်းကောင်း၊ စိုက်ပျိုး၍ လည်းကောင်း စားပါလော့” ဟု
လျှောက်၏။
    ပုဏ္ဏား ငါဘုရားသည်လည်း ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း
စိုက်ပျိုး၏၊ ထွန်ပြီး၍ လည်းကောင်း၊ စိုက်ပျိုးပြီး၍ လည်းကောင်း စား၏ဟု
(မိန့်တော်မူ၏)၊ “ငါတို့သည် အသျှင်ဂေါတမ၏ ထမ်းပိုးကို လည်းကောင်း၊
ထွန်တုံးကို လည်းကောင်း၊ ထွန်သွားကို လည်းကောင်း၊ နှင်တံကို လည်းကောင်း၊
ခိုင်းနွားတို့ကို လည်းကောင်း မမြင်ကြ ရပါကုန်၊ ထိုသို့ မမြင်ပါဘဲလျက်
အသျှင်ဂေါတမသည် “ပုဏ္ဏား ငါသည်လည်း ထွန်လည်း ထွန်၏၊
စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍ လည်းကောင်း၊ စိုက်ပျိုးပြီး၍ လည်းကောင်း၊
 စား၏” ဟု ဆိုဘိ၏။ ဟု ဆိုပြီးနောက် ကသိဘာရဒွါဇပုဏ္ဏားသည်
မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-
    ၇၆။ သင်သည် လယ်ထွန်ယောက်ျား (လယ်သမား)ဟူ၍
ဝန်ခံဘိ၏၊ သင်၏ လယ်ထွန်မှုကို ငါတို့ မမြင်ရ၊ သင်၏ လယ်ထွန်မှုကို
ငါတို့ သိနိုင်လောက်သောနည်းဖြင့် သင်ဖြေဆိုပါလော့ ဟု (မေးလျှောက်၏)။(၁)
    ၇၇။ ငါ၏ သဒ္ဓါတရားသည် မျိုးစေ့မည်၏၊
    ငါ၏ ဣနြေ္ဒကို စောင့်စည်းမှုသည် မိုးရွာခြင်း မည်၏၊
    ငါ၏ ပညာသည် ထမ်းပိုးနှင့် ထွန်တုံး မည်၏၊
    ငါ၏ (မကောင်းမှုမှ) ရှက်ကြောက်မှုသည် ထွန်သန် မည်၏၊
    (ငါ၏) စိတ်သည် ကြိုးလွန်း မည်၏၊
    ငါ၏ အောက်မေ့မှု “သတိ” သည် ထွန်သွားနှင့် နှင်တံ မည်၏၊
    ၇၈။ သင်သည် လယ်ကို စောင့်ရှောက်သကဲ့သို့
ငါလည်း ကိုယ်ကို စောင့်ရှောက်၏၊ နှုတ်ကို စောင့်ရှောက်၏၊
အာဟာရ၌ အသက်မွေးမှု စင်ကြယ်စေရန် စောင့်ရှောက်၏၊
ဝမ်း၌ အတိုင်းအရှည်ကိုသိရန် စောင့်ရှောက်၏၊
မှန်သော စကားဖြင့် (ချွတ်ယွင်းသော စကားတို့ဟူသော ပေါင်းမြတ်ကို)
ဖြတ်တောက် ပယ်နုတ်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှုဟူသော ငါ၏ အရဟတ္တဖိုလ်သည်
ပြုလုပ်ဖွယ် အားလုံးမှ လွတ်မြောက်တော့၏။(၃)
    ၇၉။ ငါ၏ ဝီရိယသည် ဝန်ကို ဆောင်သော နွားမည်၏၊
အကြင်နိဗ္ဗာန်သို့ ရောက်သည်ရှိသော် မစိုးရိမ်ရ၊ ယောဂလေးပါး
ကုန်ရာဖြစ်သော ထိုနိဗ္ဗာန်သို့ ရှေးရှုဆောင်လျက် မဆုတ်မနစ် သွား၏၊(၄)
    ၈၀။ (ပုဏ္ဏား) ဤသို့သော အခြင်းအရာအားဖြင့် ဤလယ်ထွန်ခြင်းကို
(ငါသည်) ထွန်အပ်ပြီ၊ (ငါ၏) ထိုလယ်ထွန် ခြင်းသည် နိဗ္ဗာန်ဟူသော အသီးအနှံရှိ၏၊
ထိုလယ်ထွန်ခြင်းကို ထွန်ပြီးသောကြောင့် ဆင်းရဲအားလုံးမှ လွတ်၏ဟု (မိန့်တော်မူ၏)။(၅)
    ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် ဖိုးများစွာ ထိုက်သော ရွှေခွက်၌
နို့ဃနာကို ခူးထည့်စေ၍ မြတ်စွာဘုရားအား “အသျှင်ဂေါတမသည် နို့ဃနာကို
စားတော်မူပါလော့၊ အသျှင်သည် လယ်ထွန် ယောက်ျားပါတည်း။ မှန်၏၊
အသျှင်ဂေါတမ သည် နိဗ္ဗာန်တည်းဟူသော အသီးအနှံ အကျိုးရှိသော လယ်ထွန်ခြင်းကို
ထွန်တော်မူ၏” ဟု ဆို၍ ဆက်ကပ်၏။
    ၈၁။ ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်တို့ကို
စားခြင်းငှါ မထိုက်၊ ဤဘောဇဉ်ကို စားခြင်း သဘောသည် စင်ကြယ်ခြင်းကို
ရှုမြင်ကုန်သော ဘုရားရှင်တို့၏ သဘောမဟုတ်၊ မြတ်စွာဘုရားတို့သည် ဂါထာသီဆို၍
ရအပ်သော ဘောဇဉ်ကို ပယ်တော်မူကုန်၏၊ ပုဏ္ဏား အသက်မွေးခြင်း စင်ကြယ်မှု
သဘောရှိလတ်သော် ဤတရားသဖြင့် ရှာမှီးခြင်းသည် ဘုရားရှင်တို့၏
အသက်မွေးခြင်းတည်း။ (၆)
    ၈၂။ ပုဏ္ဏား နို့ဃာနာမှ တစ်ပါးသော ဆွမ်းဖြင့် လည်းကောင်း၊
အဖျော်ဖြင့် လည်းကောင်း၊ အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံ၍ မြတ်သော သီလစသော
ကျေးဇူးအပေါင်းကို ရှာလေ့ရှိသော ကုက္ကုစ္စ ငြိမ်းအေးပြီး ဖြစ်သော ရဟန္တာပုဂ္ဂိုလ်ကို
လုပ်ကျွေးလော့၊ ထိုကောင်းမှုသည် ကောင်းမှုကို အလိုရှိသော သူ၏
လယ်ယာဖြစ်၏ ဟု (ဟောတော်မူ၏)။ (၇)
    အသျှင်ဂေါတမသို့ ဖြစ်လျှင် တပည့်တော်သည် ဤနို့ဃနာကို
အဘယ်သူအား လှူရအံ့နည်းဟု (လျှောက်၏)။ ပုဏ္ဏား နတ်, မာရ်နတ်, ဗြဟ္မာနှင့်တကွသော
နတ်လောကနှင့် သမဏဗြဟ္မဏ မင်းများ, လူများနှင့်တကွသော လူ့လောက၌
မြတ်စွာဘုရားကို လည်းကောင်း၊ မြတ်စွာဘုရား တပည့်သားကို လည်းကောင်း၊
ထား၍ စားအပ်ပြီးသော ထိုနို့ဃနာကို ကောင်းစွာ ကြေကျက်ခြင်းသို့
ရောက်စေနိုင်မည့် သူကို ငါဘုရား မြင်တော်မမူ၊ ပုဏ္ဏား ထို့ကြောင့် သင်သည်
ထိုနို့ဃနာကို စိမ်းသော မြက်မရှိရာ၌ သော်လည်း စွန့်လော့၊
ပိုးမရှိသော ရေ၌သော်လည်း မျှောလော့ဟု (မိန့်တော်မူ၏)။
    ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် ထိုနို့ဃနာကို ပိုးမရှိသော
ရေ၌ မျှော၏၊ ထိုအခါ ရေ၌ ပစ်ချအပ်သော နို့ဃနာသည် တရှဲရှဲမည်၏၊
တရှဲရှဲ အသံပြု၏၊ ထက်ဝန်းကျင်မှ အခိုးထွက်၏၊ ထွက်ဝန်းကျင်မှ
များစွာ အခိုးထွက်၏၊ တစ်နေ့ပတ်လုံး မီးဖုတ်အပ်သော ထယ်သွားကို
ရေ၌ ပစ်ချအပ်သည် ရှိသော် တရှဲရှဲမည်သကဲ့သို့ တရှဲရှဲအသံကို
ပြုသကဲ့သို့ ထက်ဝန်းကျင်မှ အခိုးထွက်သကဲ့သို့ ထက်ဝန်းကျင်မှများစွာ
အခိုးထွက်သကဲ့သို့ ဤအတူပင် ရေ၌ ထည့်အပ်သော ထိုနို့ဃနာသည်
တရှဲရှဲမည်၏၊ တရှဲရှဲမည်သော အသံကို ပြု၏၊ ထက်ဝန်းကျင်မှ
အခိုးထွက်၏၊ ထက်ထွန်းကျင်မှ များစွာ အခိုးထွက်၏။
    ထို့နောက် ကသိဘာရဒွါဇပုဏ္ဏားသည် ထိတ်လန့်သည်
ကြက်သီးမွေးညင်း ထသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်
မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်၍ မြတ်စွာဘုရားအား
“အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊
အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊
အသျှင်ဂေါတမ (တရားတော်သည်) မှောက်ထားသည်ကို လှန်ဘိ
သကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့
လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိ
သကဲ့သို့ လည်းကောင်း “မျက်စိအမြင်ရှိသော သူတို့သည်
အဆင်းတို့ကို မြင်ကြလိမ့်မည်” ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်
ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်း အသျှင်ဂေါတမ ဤအတူ
သာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့်
တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည်
အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကို
လည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း
ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမ အကျွန်ုပ်သည်
အသျှင်ဂေါတမအထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို
ရလိုပါ၏” ဟု (လျှောက်၏)။
    ကသိဘာရဒွါဇပုဏ္ဏား သည် မြတ်စွာဘုရား၏ အထံ၌
ရှင်အဖြစ်ကို ရ၏၊ ရဟန်းအဖြစ်ကို ရ၏၊ ရဟန်းဖြစ်၍ မကြာမီ
အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့
ကပ်၍ မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စိတ်ကို
စေလွှတ်လျက် နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့
ကောင်းစွာဝင်သော အမျိုးသားတို့ လိုလားအပ်သော အကျင့်မြတ်၏
အဆုံးဖြစ်သော အတုမရှိမြတ်သော အရဟတ္တဖိုလ်ကို မကြာမီ
ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက်
ရောက်၍ နေ၏၊ “ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို
ကျင့်သုံးပြီးပြီး၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်)ကိစ္စ အလို့ငှါ
တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ” ဟု သိ၏၊ အသျှင်ဘာရဒွါဇသည်
ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။
ကသိဘာရဒွါဇသုတ် ပြီး၏

No comments:

Post a Comment