Friday, June 14, 2013

ဗုဒ္ဓသာသနာ

ဗုဒ္ဓသာသနာ

ဂေါတမဗုဒ္ဓသည် (၄၅)ဝါပတ်လုံး ဝေနေယျတို့အားဆုံးမ ချေချွတ်တော်မူခဲ့သည်။
လူနတ်ဗြဟ္မာသတ္တဝါတို့အား ဆုံးမတော်မူခဲ့သည်။ ဗုဒ္ဓဟောပြဆုံးမခဲ့သော
တရားဓမ္မဟူသမျှသည် သစ္စာလေးပါးတရားကို အခြေခံထားသည်။
ဗုဒ္ဓ၏ အဆုံးအမ (ဗုဒ္ဓသာသနာ)၏ လိုရင်း အချုပ်မှာလည်း ရှေးဘုရားရှင်တို့၏
အဆုံးအမ အတိုင်းသာဖြစ်သည်။

သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးနေတော်မူစဉ်
တစ်နေ့တွင် အရှင်အာနန္ဒာသည် ဘုရားရှင်ထံချဉ်းကပ်လျက် "အရှင်ဘုရား
ဝိပဿီစသော ရှေးဘုရားရှင်တို့သည် ဤဥပုသ်ကိုပင် ပြတော်မူကြသလော၊
အခြားသော ဥပုသ်ကိုပင် ပြတော်မူကြသလော" ဟု မေးလျှောက်သည်။
ဘုရားရှင်က ဝိပဿီ စေသော ဘုရားရှင်တို့သည် ဥပုသ်ပြရန် အချိန်ကာလ
ကွာခြားကြသော်လည်း သြဝါဒမှာ အတူတူသာဖြစ်သည်ဟု မိန့်တော်မူသည်။
ထို မိန့်တော်မူချက်တွင် . .
"သဗ္ဗပါပဿ အကရဏံ၊ ကုသလဿဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊ ဧတံဗုဒ္ဓါနသာသနံ"
(ဓမ္မပဒ၊ ၁၈၃)
ဟူ၍ ဘုရားရှင်တို့၏ သာသနာကို အချုပ်မျှထုတ်ပြဟောညွှန်ခဲ့သည်။

ထိုဗုဒ္ဓသာသနာ အချုပ်မှာ . . .
"မကောင်းမှုဟူသမျှ ကိုမပြုလုပ်ခြင်း၊
ကောင်းမှုကုသိုလ်နှင့် ပြည့်စုံစေခြင်း၊
မိမိစိတ်ကို ဖြူစင်စေခြင်း၊
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်တည်း" ဟူ၍ ဖြစ်သည်။

ထိုဆုံးမချက်ကို . . .
"မကောင်းမှု ရှောင်
ကောင်းမှု ဆောင်
စင်အောင် စိတ်ကိုထား" ဟု မင်းကွန်းတိပိဋကဓရဆရာတော် ဘုရားကြီးက
ဆောင်ပုဒ် ပြုလုပ်ထားသည်။

ဤဆောင်ပုဒ်အတိုင်းပင် ဗုဒ္ဓအဆုံးအမ၊ ဗုဒ္ဓသာသနာ၏လိုရင်းအချုပ်မှာ
မကောင်းမှုမှန်သမျှကို မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်း ကုသိုလ်ကောင်းမှုနှင့်
ပြည့်စုံအောင် အားထုတ်ခြင်းနှင့် မိမိ၏စိတ်ကို ဖြူစင်ကြိုးစားပွားများခြင်းပင်
ဖြစ်သည်။

ဤတွင် ရှောင်ကြဉ်ရမည့် မကောင်းမှုသည် မည်သို့သော သဘောရှိသနည်းဟု
ဆင်ခြင်သော် ပြုလုပ်နေစဉ်မှာလည်း စိုးရိမ်ရ၊ ပူပန်ရ၊ ပြုလုပ်ပြီးသောအခါ၌လည်း
စိုးရိမ်ရ၊ ပူပန်ရ၊ ပစ္စုပ္ပန် တမလွန်ဘဝနှစ်တန်လုံး၌ စိုးရိမ်ရ၊ ပူပန်ရသော
အမှုသည မကောင်းမှုဖြစ်သည်ဟု နားလည်ရပေမည်။ (ဓမ္မပဒ၊ ၁၅၊ ၁၇)
မကောင်းမှုသည် တရားကိုယ်အားဖြင့် လောဘ၊ ဒေါသ၊ မောဟတို့ကို
အခြေခံသော အ ကြံအစည်၊ အပြောအဆို၊ အပြုအမူတို့ပင် ဖြစ်သည်။

မကောင်းမှုနှင့် ဆန့်ကျင်ဘက်သဘောမှာ ကောင်းမှုဖြစ်သည်။
ကောင်းမှုသည် မည်သို့သော သဘောရှိသနည်း။ ပြုလုပ်နေစဉ်မှာ
နှစ်သက် ဝမ်းမြောက်ရသည်။ ပြုလုပ်ပြီးသောအခါ၌လည်း နှစ်သက်ဝမ်းမြောက်
ရသည်။ ပစ္စုပ္ပန် တမလွန်နှစ်တန်စလုံး၌ နှစ်သက်ဝမ်းမြောက်ရသည်။
ထိုအမှုကို ပြုသူသည် မိမိ၏စင်ကြယ်သောအလုပ်ကို ပြုနေသည်ကို
သိမြင်ရ၍ အလွန်ပင်နှစ်သက် ဝမ်းမြောက်ရသည်။ (ဓမ္မပ္ပဒ၊ ၁၆၊ ၁၈)
ဤသည်ပင်လျှင် ကောင်းမှု၏ သဘောဖြစ်သည်။ ကောင်းမှု၏
တရားကိုယ်မှာ အလောဘ၊ အဒေါသ၊ အမောဟတို့ကို အခြေခံသည်။
မိမိအတွက် မငဲ့ကွက်၊ မတပ်မက်သော စိတ်ဖြင့် တွေးကြံပြောဆိုပြုမူသည်။
အခြားသူတို့အပေါ် မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်တွေးကြံ ပြောဆိုပြုမှုသည်။
မတွေမဝေ အသိဉာဏ်ဖြင့် ဆင်ခြင်လျက် ကျင့်ကြံ၊ ပြောဆို၊ ပြုမှုသည်။
ဤသည်ပင်လျှင် ကောင်းမှုဖြစ်သည်။

မိမိ၏စိတ်ကို ဖြူစင်စေရန် လုပ်ရမည့်နည်းလမ်းမှာ စိတ်ကို လေ့ကျင့်ရန်ဖြစ်သည်။
ကောင်းသော အတွေးအကြံ၊ ကောင်းသော နှလုံးသွင်းကို ပွားများပေးရန်ဖြစ်သည်။
စိတ်သည် ကောင်းစွာလေ့ကျင့်ပွားများအပ်သော် ချမ်းသာကိုဆောင်တတ်သည်။ (ဓမ္မပ္ပဒ ၃၆)။

လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာ နှစ်တန်လုံးကို ပွားများလေ့ကျင့်ထားသော
စိတ်ကဆောင်နိုင်သည်။ ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သော
နိဗ္ဗာန်ကို စိတ်အလေ့အကျင့်ဖြင့်သာရရှိ၊ ရောက်ရှိနိုင်သည်။ အပြောအဆို၊
ဆင်ခြင်ရုံ၊ အပြုအမှုစောင့်စည်း ရုံဖြင့် မရနိုင်၊ မရောက်နိုင်ချေ။ စိတ်ကို
လေ့ကျင့်ပွားများရန်အတွက် ဘာဝနာပွား ကြရသည်။ သမထဘာဝနာ၊
ဝိပဿနာ ဘာဝနာတို့ကို လက်တွေ့ ကျင့်သုံးကြရသည်။

ဗုဒ္ဓသာသနာ
ကို
နန္ဒာသိန်းဇံ

ထေရဝါဒနှင့်ပတ်သက်သောမှတ်ချက်များ
မှ
ထုတ်နုတ်ဖော်ပြပါသည်
{စေတနာသည် တူသောအကျိုးကိုပေး၏}
ထွန်းကျော် (L.M.©)

No comments:

Post a Comment