မဇ္ဈိမပဏ္ဏာသပါဠိတော်
=== ၂ - ဘိက္ခုဝဂ် ===
၎ - မဟာမာလုကျသုတ်
၁၂၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏသူဌေး၏ အရံဖြစ်သော
ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့
ဟု ခေါ်တော် မူ၏။ ရဟန်းတို့က အသျှင်ဘုရား ဟု ပြန်ကြား လျှောက်ထားကြ ကုန်၏။
မြတ်စွာဘုရားသည် “ရဟန်းတို့ သင်တို့သည် ငါ ဟောကြား ထားသော အောက်တန်း၌ ဖြစ်စေတတ်သည့်
သံယောဇဉ် ငါးပါးတို့ကို မှတ်မိကြ ကုန်၏လော” ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော် မူသော် အသျှင် မာလုကျပုတ္တသည် “အသျှင်ဘုရား တပည့်တော်သည်
မြတ်စွာဘုရား ဟောကြားထားသော အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ငါးပါးတို့ကို
မှတ်သားမိပါ၏” ဟု မြတ်စွာဘုရားအား လျှောက်ထား၏။ မာလုကျပုတ္တ သင်သည် အဘယ်သို့သော
အခြင်းအရာ အားဖြင့် ငါ ဟောကြား ထားသော အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ်
ငါးပါးတို့ကို မှတ်သားမိ သနည်းဟု (မေးတော်မူ၏)။
၁၊ အသျှင်ဘုရား အကျွန်ုပ်သည် သက္ကာယဒိဋ္ဌိ “မိမိကိုယ်ကောင်၌ ငါ ဟု စွဲယူမှု” ကို
အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ဟု မြတ်စွာဘုရားဟောထားသည်ကို မှတ်သား မိပါ၏။
၂၊ အသျှင်ဘုရား အကျွန်ုပ်သည် ဝိစိကိစ္ဆာ “ယုံမှားမှု” ကို အောက်တန်း၌ ဖြစ်စေတတ်သည့်
သံယောဇဉ် ဟု မြတ်စွာဘုရား ဟောထားသည်ကို မှတ်သား မိပါ၏၊
၃၊ အသျှင်ဘုရား အကျွန်ုပ်သည် သီလဗ္ဗတပရာမာသ “အလေ့အကျင့်တို့၌ အမှား သုံးသပ်မှု”
ကို အောက်တန်း၌ ဖြစ်စေတတ်သည့် သံယောဇဉ် ဟု မြတ်စွာဘုရား ဟောထားသည်ကို မှတ်သား မိပါ၏။
၎၊ အသျှင်ဘုရား အကျွန်ုပ်သည် ကာမစ္ဆန္ဒ “ကာမဂုဏ်တို့၌ လိုလားမှု” ကို အောက်တန်း၌
ဖြစ်စေတတ်သည့် သံယောဇဉ်ဟု မြတ်စွာဘုရား ဟောထားသည်ကို မှတ်သားမိပါ၏၊
၅၊ အသျှင်ဘုရား အကျွန်ုပ်သည် ဗျာပါဒ “ ဖျက်ဆီးလိုမှု” ကို အောက်တန်း၌ ဖြစ်စေတတ်သည့်
သံယောဇဉ်ဟု မြတ်စွာဘုရား ဟောထားသည်ကို မှတ်သား မိပါ၏။
အသျှင်ဘုရား အကျွန်ုပ်သည် ဤသို့လျှင် မြတ်စွာဘုရား ဟောကြားထားသော အောက်တန်း၌ ဖြစ်စေတတ်
သည့် သံယောဇဉ် ငါးပါးတို့ကို မှတ်သား မိပါ၏ ဟု (လျှောက်၏)။
မာလုကျပုတ္တ သင်သည် အဘယ်မည်သော သူအား ဤသို့ အောက်တန်း၌ ဖြစ်စေတတ်သည့်
သံယောဇဉ် ငါးပါးတို့ကို ငါ ဟောကြား ထားသည်ကို မှတ်သားမိသနည်း။ မာလုကျပုတ္တ အယူတစ်ပါး
ရှိကြသော ပရိဗိုဇ်တို့သည် သူငယ်လျှင် ဥပမာရှိသော ဤဆိုမည့် စွပ်စွဲခြင်းဖြင့် စွပ်စွဲကြ ကုန်မည် မဟုတ်လော။
မာလုကျပုတ္တ ပက်လက်အိပ် အရွယ် လူမမယ် ဖြစ်သော ကလေး သူငယ်အား ငါ့ ကိုယ်ကောင် ဟူ၍
မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား ငါ့ ကိုယ်ကောင်၌ ငါဟု စွဲယူမှုသည်ကား အဘယ်မှာ ဖြစ်နိုင်အံနည်း။
(သို့ရာတွင်) ထိုသူငယ်အား ငါ့ ကိုယ်ကောင်၌ ငါဟု စွဲယူမှု အကိန်းဓာတ်ကား ကိန်းနေသည် သာတည်း။
မာလုကျပုတ္တ ပက်လက်အိပ် အရွယ် လူမမယ် ဖြစ်သော ကလေးသူငယ်အား သဘာဝ ဓမ္မတို့ ဟူ၍
မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား သဘာဝဓမ္မတို့၌ ယုံမှားမှု အဘယ်မှာ ဖြစ်နိုင်ပါအံနည်း။ (သို့ရာတွင်)
ထိုသူငယ်အား ယုံမှားမှု အကိန်းဓာတ်ကား ကိန်းနေသည် သာတည်း။
မာလုကျပုတ္တ ပက်လက်အိပ် အရွယ် လူမမယ် ဖြစ်သော ကလေးသူငယ်အား အလေ့ဟူ၍
မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား အလေ့တို့၌ အလေ့အကျင့်ကို အမှား သုံးသပ်မှုသည် အဘယ်မှာ
ဖြစ်နိုင်ပါအံ့နည်း၊ (သို့ရာတွင်) ထိုသူငယ်အား အလေ့အကျင့်တို့၌ အမှား သုံးသပ်မှု အကိန်းဓာတ်ကား
ကိန်းနေသည် သာတည်း။
မာလုကျပုတ္တ ပက်လက်အိပ် အရွယ် လူမမယ် ဖြစ်သော ကလေး သူငယ်အား ကာမဂုဏ်တို့
ဟူ၍ မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား ကာမဂုဏ်တို့၌ လိုလားမှု အဘယ်မှာ ဖြစ်နိုင်ပါအံ့နည်း၊
(သို့ရာတွင်) ထိုသူငယ်အား ကာမဂုဏ်တို့၌ လိုလားမှု အကိန်း ဓာတ်ကား ကိန်းနေသည် သာတည်း။
မာလုကျပုတ္တ ပက်လက်အိပ် အရွယ် လူမမယ် ဖြစ်သော ကလေး သူငယ်အား သတ္တဝါတို့
ဟူ၍ မျှလည်း မဖြစ်သေး၊ ထိုသူငယ်အား သတ္တဝါတို့၌ ဖျက်ဆီးလိုမှု အဘယ်မှာ ဖြစ်နိုင်ပါ အံ့နည်း၊
(သို့ရာတွင်) ထိုသူငယ်အား သတ္တဝါတို့၌ ဖျက်ဆီးလိုမှု အကိန်းဓာတ်ကား ကိန်းနေသည် သာတည်း။
မာလုကျပုတ္တ အယူတစ်ပါး ရှိကုန်သော ပရိဗိုဇ်တို့သည် သူငယ်လျှင် ဥပမာ ရှိသော ဤဆိုခဲ့ပြီးသည့်
စွပ်စွဲခြင်းဖြင့် စွပ်စွဲကြကုန်မည် မဟုတ်လောဟု (မေးတော်မူ၏)။
No comments:
Post a Comment