Tuesday, March 5, 2013

ကိလေသကံ ဝိပါက်စိတ် အကြံများကလည်း

ကိလေသကံ ဝိပါက်စိတ် အကြံများကလည်း
အဖန်ဖန်ထပ်

“သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ယဒါ ပညာယ ပဿတိ၊
အထိ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။”

    ကိလေသာတို့၏ အပ်နှံလာသောအလုပ်ကို လက်ခံလျက်က
ကံက တည်ဆောက်ပေးထားသော ကမ္မဘဝသည် ကိလေသာမုန်ရည်
ဝင်စဉ်တုန်းက ကောင်းသလိုလို ထင်ခဲ့မိသော်လည်း ဝိပဿနာဉာဏ်ပညာ
ရှုနည်းများဖြင့် ရှုကြည့်လိုက်သောအခါ -
    အကောင်းဟဲ့ ထင်နေသည့်အထဲက ရုတ်တရက်ချည်းပြိုလဲ၊
ရုတ်တရက်ချည်း ပျက်ပွဲကြီးဝင်၊ ထို့နောက် ဖြစ်ပွဲကြီးက ပြန်သဲဖြင့်
အမြဲပင် လည်ပတ်ပေးနေသည်ကိုသာ တွေ့နေရပါ၏။
    အဆိုးပါဟဲ့ဆိုလည်း မရပ်မစဲ ပျက်ပွဲကြီးက ဆင်၊
ဖြစ်ပွဲကြီးက သဲ၊ အမြဲလည်ပတ် ပေးသည်ကိုသာ တွေ့ရပါ၏။ ကြာသော် . . .
    အကောင်းပျက် ဆက်၍မကြည့်လိုခြင်းဖြင့် ငြီးငွေ့လာတော့၏။
    အဆိုးပျက် ထွက်၍ပင် မကြည့်ချင်တော့ခြင်းဖြင့် ငြီးငွေ့လာတော့၏။
ဤငြီးငွေ့စိတ်ဝင်လာခြင်းသည် ကာမဘဝ အရမမင်၊ မစတော့ချင်ခြင်းကြောင့်။
    အစွဲစင်ကြယ်ရေးစခန်း တက်လှမ်းရာ၏။ လမ်းစ လမ်းဝ လမ်းမတည်း။

    စိတ်သည် ဆီကဲ့သို့လျှင် အပေါက်မရှိ အပေါက်ရှာ ထွက်လေ့ရှိသော အမျိုးဖြစ်၏။
သတိမစီး မေ့မေ့ကြီးအတိုင်း စိတ်ကို ပေါက်လွှတ်ပဲစား ပစ်ထားလေ့ရှိသူတိုင်း စိတ်သည်
အလုပ်အနားမယူတတ်သော စိတ်ပီပီ၊ စိတ်သည် အလုပ်ရုံမရွေးတတ်သော စိတ်ပီပီ
တစ်ခုမဟုတ် တစ်ခု လိုက်စားနေတော့၏။
    ထိုစဉ် - ကာမဝိတက် -
    သူ ကြိုက်သလို ပုံဖော်ကာ စိတ်ကူးယဉ်၍လည်း နေတတ်၏။ ကိုယ်လိုသလို တွေး
ကိုယ်လိုသလိုပင် အခွင့်ရေးယူတတ်သောကြောင့် ယင်းစိတ်ကူးယဉ်ရာမှ အကြိုက်၊ အတွေ့၊
လိုက်၍ပင် မမီပြီ။
    ထိုသို့ စိတ်ကူးကြောင့် တစ်ဖက်ပုံက အကျ။ ထိုပုံက ကိုယ်လိုသလို
မူဟန်ပြနေသောအခါ . . . 
    - ဗျာပါဒဝိတက် -
    ထိုစိတ်ဖြင့် အကူးခံထားရသော ပုံရှင်ခေါ် သက်ရှိသက်မဲ့ အရာဝတ္ထုများအပေါ်
တပ်စွန်းသော ကိလေသာအထားများ အထိုး၊ အပင့်၊ အလှုံ့၊ အဆွေများ ပြုလုပ်နေချေရာ
ထိုစိတ် မရိုးမရွဖြစ်လာကာ -
    ပြောသလိုမှ အရောခံပါမလား။
    လုပ်သလိုမှ ငုတ်တုတ်ခံပါ့မလား။ စသောအကြံ . . . .
    သည်လိုမရ သည်လိုဆိုသောအကြံ။ ဟင် . . . မရလျှင် ခက်ရတော့မည်ဟူသော
အကြံများက ဝင်ဆောင့်လာကြမည်။
    ထို့နောက် - ဝိဟိံသဝိတက် -
    ကိုယ်ပျက်၊ သူပျက် နှစ်ဦးစလုံးပျက်စေသော အတွေ့ဘက်သို့ဆက်ရန် ထိုအကြံများ
ကြားမှပင် အကြံဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။
    ထိုစဉ် . . . စိတ်တစ်ချက် တစ်ချက်တို့၏ အတွေးများ၌လည်း ဖြစ်လျက်က 
ပျက်ကျသွားကြသော ဥပါဒ်၊ ဋ္ဌီ၊ ဘင် ခေါ် ဇာတိဘေး၊ ဇရာဘေး၊ ဗျာဓိဘေး၊ မရဏဘေးဆိုးကြီးများက
နောက်ယောင်ခံခြေရာနင်း အတင်းဖျက်ဖြင့် ပါဝင်ပတ်သက်နေကြပြန်ပါသည်။
    တစ်ဖန် ကိလေသာတစ်ချက် တစ်ချက် အပွက်များ၌လည်း - . . . 
ဖြစ်ယောင်ဆောင် ပျက်ကောင်ကြား ငုတ်ပျောက်သွားကြသော -
ဇာတိဘေး၊ ဇရာဘေး၊ ဗျာဓိဘေး၊ မရဏဘေးဆိုးကြီးများကား တစ်စက္ကန့်လျှင် -
    ရုပ်ဖြစ်စဉ်ပေါင်း ကုဋေပေါင်း ခြောက်ထောင်ခန့်။
    နာမ်ဖြစ်စဉ်ပေါင်း ကုဋေပေါင်း တစ်သိန်းတိတိ၊
    ထိုကိန်းဂဏန်းများအတိုင်းလျှင် ကိလေသာစိတ်ကူးအတွင်း
ချဉ်းနင်းဝင်ရောက် ခန္ဓာအား ထိုးဖောက်ဖျက်ဆီးပြစ်နေကြပါသည်။
    တစ်ဖန်လည်း ထိုစိတ်, ထိုကိလေသာတို့၏ နောက်မှနေ စေတနာထားခြင်း၊
ခံစားပေးခြင်း၊ မှတ်တမ်းတင်ပေးခြင်း၊ ပြင်ဆင်ပေးခြင်းနှင့်အတူ မနောသို့, ကျူး၊
ကိုယ်နှုတ်တွင် အသွင်းကျူးကျူးရာတိုင်းတို့၌လည်း
    ကံတစ်ချက်တစ်ချက်လျှင်
    ဥပ္ပါဒ - အရှိန်လှိုင်းရိပ်ကလေးများ ပြေးဝင်လာခြင်း
    ဋ္ဌီဘာဝ - အရှိန်ကားသေ၊ တွေနေခြင်း
    ဘင်္ဂဘာဝ - သေသောအရှိန်သက် ပျက်ကျသွားခြင်း
    အခိုက်မျှ အတန့်မျှသော ထိုခဏငယ်လေး သုံးချက်စီတို့နှင့်အတူ
တစ်စက္ကန့်အတွင်း အထက်ပါကိန်းဂဏန်းများအတိုင်းလျှင် - 
    ဇာတိ - အရှိန်ဖြင့် ကူးဝင်လာခြင်း၊
    ဇရာ - အရှိန် ရင့်ကျက်သွားခြင်း၊
    ဗျာဓိ - အရှိန် အထိနာသွားခြင်း၊
    မရဏ - အရှိန် ပျက်ကျသွားခြင်းများ၊
    လေအဟုတ်၏ အရှိန်ပမာ ထိုကံများ၏နောက်သို့လည်း နောက်ယောင်ခံခြေရာနင်း အတင်းဖျက်
ခန္ဓာအားအသက်ကုန်စေပါသည်။ တစ်ဖန်လည်း ထိုစိတ်, ထိုကိလေသာ, ထိုကံတို့၏ ဖန်တီးပေးရာအတိုင်း
သည်ရုပ်နာမ်များ အကျိုးခံစားစဉ်ကာလတိုင်းတို့၌လည်း -
    ယခင် ပဋိသန္ဓေနေစဉ်ကတည်းက တွဲပါလာခဲ့ကြသော ဤဇာတိ၊ ဤဇရာ၊ ဤဗျာဓိ၊ ဤမရဏ
တရားလေးပါးစလုံးတို့ကလည်း ပျက်တိုင်းကူး၊ ကူးတိုင်းဖြစ်၊ ဖြစ်တိုင်းရင့်၊ ရင့်တိုင်းနာ၊ နာတိုင်းပျက်တို့ဖြင့်,
    မနောပွက်တိုင်းလည်း ဆက်လိုက်နေကြတော့သည်။
    ပြောတိုင်းလည်း ဆက်လိုက်နေကြတော့သည်။
    ပြုကျင့်တိုင်းလည်း ဆက်လိုက်နေကြတော့သည်။
    တစ်ဖန်ထိုသို့ အကျိုးဝိပါက်ခံပြီးတိုင်း အမှုမဲ့, အမှတ်မဲ့တို့၏ အကျိုးခံစားနည်းသည် မိမိကိုလွှတ်၍
တစ်ဘက်သို့ညွှတ်ထားခြင်း၊ ကြိုက် မသိရာမှ, မသိကြိုက် အလိုက်ခံရခြင်းများကြောင့် . . . . .
    တစ်ဘက်သို့ အတေးအစွဲများ ချန်ထားခဲ့လေ့ရှိရာ ထိုအစွဲများအထဲဝင် အရာထင်လေသောအခါ
လူသူဝေးလေ အတွေးပေါ်လေဖြစ်လာစေတော့သည်။
    ထိုအတွေးပေါ်တိုင်းလည်း တသသသော ကိလေသာများ လှုပ်ရှားလာကြဦးတော့မည်။
ထိုကာလသားများ လှုပ်ထလာတိုင်းလည်း - 
    ဆိုင်ရာကံများကလည်း ဆက်လက်ပြုကျင့်ပေးနေကြရမည်။
    ဆိုင်ရာဝေဒနာ, တဏှာများကလည်း အကျိုးသက်ဆက် ခံစားနေကြမည်။
တစ်ဖန် ထိုအကျိုးသက် ဆက်၍ ဆက်၍ ခံစားခွင့်ရပြီးတိုင်းလည်း -
    ဤနည်းဖြင့် စိတ်၊ ကိလေသာ၊ ကံ၊ ဝိပါက်၊ လေးချက်တို့သည် သူ့ဘက်ကိုယ့်ဘက် အလှည့်ချ
ဆက်ပေးလျက်ကလည်းကောင်း၊ သူ့လက် ကိုယ့်လက် အကွက်ချ အချက်ပေးလျက်ကလည်းကောင်း
သတ္တဝါတို့ကို -
    အချင်းချင်း ဘဝချင်းဆုံ ဘုံချင်းတိုက်၍ လိုက်စွက်ဖက်နေကြရာ မည်သူမျှ မနားကြရပြီ။
    အချင်းချင်း ဝတ္ထုချင်းဆုံ အာရုံချင်းတိုက်၍ လိုက်စွက်ဖက်နေကြရာ မည်သူမျှ နားရသည် အားရသည်ဟူ၍
မရှိကြတော့ပြီ။

ဆိုခဲ့ပြီး -
    မိစ္ဆာဝိတက်(အမှားကြီး)သုံးမျိုးတို့မှဖြစ်သော အစွဲစိတ်၊ စွဲရာပြုသောကံ၊ စွဲရာဘက် ဆင်းသက်သော ကိလေသာ၊
ယင်းတို့၏လည်ပတ်နှုန်းအတိုင်းသာ ဘုံဘဝ၊ ဝတ္ထုအာရုံတို့ အကျိုးဆက်ဖြစ်ပေါ်လာကြဦးမည်ဆိုသော် - 
ဇာတိ-ဇရာ-ဗျာဓိ-မရဏ တို့ကလည်း အကျိုးဆက်လိုက်လံကာ ဖျက်ဆီးနေကြဦးမည်ဆိုသော် . . .
    တစ်ဦး တစ်ဦးတို့၏ အရိုးပုံထားစရာများကိုလည်း ဝေပုလ္လတောင်နှင့် အလုံးအရပ်ပမာဏချင်းတူသော
မြေနေရာများ နှစ်ကွက် သုံးကွက်ထက်မကပင် အဆင်သင့်ပြုလုပ်ပေးထားကြရမည်သာ။
    တစ်ဖန် တစ်ဦးတစ်ဦး၌ တော်စပ်ရမည့် အမေများအတွက်ကိုလည်း ဝါးအလုံး (၁၀၀)ပါ၊ အစည်း (၁၀၀)စီသော၊
အစည်းပေါင်း နှစ်စီးသုံးစီးထက်မကပင် အဆင်သင့်ဖြတ်တောက်ပေးထားကြရမည်သာ။
    သတ္တဝါတစ်ဦး၏ အမှတ်မဲ့နေသော တစ်နေ့တစ်စိတ်သည် တစ်ခုမဟုတ်တစ်ခု သို့မဟုတ်၊ သူမဟုတ်သူများအပေါ်၌
ချစ်မုန်းနှစ်ပါး အထွဋ်တပ်ထားသော မိစ္ဆာအတွေးသုံးချက်တို့ဖြင့် လှည့်နေတတ်ရာ လူသာနားမည်။ သူကား အနားယူလိမ့်မည်
မဟုတ်ချေပြီ။
    တစ်ဖန် သူတွေးတိုင်း ကိလေသာသွေးများ အပြေးဝင်ရောက်လာကာ၊ လှိုင်းထနေရခြင်းများကလည်း ရပ်နားရလိမ့်မည်
မဟုတ်ချေပြီ။
    ထိုကိလေသာသွေးများ ထကြွသောင်းကျန်းလာတိုင်းလည်း ဆိုင်ရာကံများက ကိုယ်ဖြင့်, နှုတ်ဖြင့်, စိတ်ဖြင့်
ပြုလုပ်ပေးနေခြင်းများကလည်း ရပ်နားလိမ့်မည် မဟုတ်ချေပြီ။
    ထိုကံများ ကိလေသာက လုပ်ဖက်ချတိုင်း ထိုလူသား ထလုပ်ပေးနေရလျှင်လည်း ဝေဒနာ, တဏှာတို့က စပ်တူအကျိုးပြန်
ခံစားပေးနေရခြင်းများမှ ထိုလူသား မည်သည့်ကာလမျှ ရပ်နားရမည်မဟုတ်ချေပြီ။
    သို့ကြောင့် အမှတ်မဲ့တစ်ဦး၏ တစ်နေ့တာဟူသောကာလသည် သူတစ်ပါးစိတ်ဖြင့်သာ အသက်ငှင်နေရခြင်း၊
သူတစ်ပါး ပြစ်မှားလျက်ကသာ အကျိုးခံစားနေရခြင်းများကြောင့် အကြွေးမကင်း အကြွေးဖြင့်ပင် စာရင်းသွင်းပေးခံရကာ -
    တစ်ရက် တစ်ရက်လုံး အရှုံးချည်းသာ။
    သည်အရေး တွေးမိလေသောအခါ
    အဘ သား ဧကစာရီအကျင့်ဖြင့် တောထွက်ချင်ပါသည် ဘုရား။
မဟာဗောဓိမြိုင်ဆရာတော် - သံဝေဂလမ်း- မှ နှာ(၅၉)မှ၊ နှာ(၆၆) ထုတ်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။
   

No comments:

Post a Comment