ဒီနေ့ ကာမလောကသားတွေ
ဘာကိုတမ်းတမ်းတတရှိနေကြသနည်း။
အဘယ်နောက်သို့ တစ်ကောက်ကောက် လိုက်နေကြသနည်း။
ကာမလောကသားတို့ရဲ့ အထွတ်အထိပ်ပန်းတိုင်ကား
အဘယ်အရာနည်း။
ဒီမေးခွန်းသုံးခုကို ဖြေကြည့်စမ်းပါ။ စိတ်အကြံ နှုတ်အဖွင့်
ကိုယ်အမှုအရာ သုံးဆင့်တို့ဖြင့် ချင့်တိုက်ကြည့်၊
တိုက်ရိုက်တဲ့တိုး အဖြေသိပါလိမ့်မယ်။
- ရူပတဏှာ ဉာဉ်စရိုက် ၀ါသနာပါသူက
အဆင်းအာရုံမှန်သမျှ သက်ရှိသက်မဲ့မရှောင်
ပြောင်ပြောင်ကြီးလိုက်စားနေကြရဲ့။
-သဒ္ဒတဏှာ ဉာဉ်စရိုက် ၀ါသနာပါသူက
အသံအာရုံကြားရင် သက်ရှိသက်မဲ့မရွေး
အပြေးနားထောင်နေကြရဲ့။
ဒီလိုပဲ အနံ့၊ အရသာ၊ အတွေ့၊ အတွေး ဉာဉ်စရိုက်
ဝါသနာပါသူတွေကလည်း ကိုယ်အာရုံကျရာမှန်သမျှ
တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ဝတ္ထုအာရုံ
ကာမဂုဏ်တွေမှာ ခုံမင်တမ်းတ အငမ်းမရ
ဖြစ်နေကြပါတယ်။ အလိုကျရာ အာရုံရှင်ရဲ့နောက်
တကောက်ကောက် လိုက်နေကြပါတယ်။
နောက်ဆုံးတော့ ကာမဂုဏ်မေထုန်အကျင့်ဟာ
လောကသားတို့ရဲ့ နောက်ဆုံးပန်းတိုင် ဖြစ်ခဲ့ရပါတယ်။
ကာမလောကသားတွေဟာ တစ်ဦးနှင့်တစ်ဦး
လင်အဖြစ် မယားအဖြစ် ပေါင်းသင်းကြရာမှာ
စိတ်မှာအလို ကိုယ်မှာတော့ဝတ္ထုနှင့် အာရုံတို့ကို
ကြားခံထားရပါတယ်။ အလိုရဲ့ ပူဆာခြင်းကို
မခံမရပ်နိုင်တော့တဲ့ လောကလူသားဟာ
ဉာဉ်သွေး၊ စရိုက်သွေး၊ ၀ါသနာသွေးများကပါ
အုံကြွလာတဲ့အခါ တစ်ဖက်ရဲ့အလိုလည်းလိုက်
အကြိုက်လည်းဆောင်၊ တစ်ဖက်ရဲ့ အာရုံတိုက်
ဝတ္ထုတိုက်ကိုလည်း နှစ်နှစ်ခြိုက်ခြိုက် လက်ခံပေးရပါတယ်။
စာရင်းကိုင်နဲ့ စာရင်းငှား၊ ဒိုင်နဲ့ ထိုးသားလို
အလိုတူ ကြည်ဖြူသွားရတာ တမ်းတရာနောက်
တကောက်ကောက်လိုက်ခဲ့ရတဲ့ ကာမအလိုကို
မလွန်ဆန်နိုင်ကြလို့ပါပဲ။
မဟာဗောဓိမြိုင်ဆရာတော် (၁၉၉၉ ခုနှစ်၊ နတ်တလူတောရ သြ၀ါဒ)
No comments:
Post a Comment