`အပ္ပမာဒေန သမ္ပာဒေထ´ ဆိုတာ တစ်သက်လုံး သုံးမကုန်တဲ့
သတိတစ်လုံးကို ဓမ္မအမွေအဖြစ်ပေးခဲ့တာ။
သတိမှာ တာဝန်လေးချက်ပါတယ်။ `မမေ့၊ မလျော့၊ မပေါ့၊ မဆ´တဲ့။
ကိလေသာဆိုတာ တစ်ချက်မေ့လိုက်တာနဲ့ အဲဒီမေ့တဲ့အပေါက်ကနေ
ထိုးဖောက် ၀င်ရောက်လာပြီး စိတ်စုစည်းမှုကို ဖြိုခွဲပစ်တတ်တယ်။
ဒါကြောင့် မမေ့ခြင်းဖြင့် ခံစစ်လုံအောင် ကာကွယ်တည်ဆောက်ရမယ်။
မမေ့လျော့ခြင်းဖြင့် ကိလေသာအပေါ် ထိုးစစ်ဆင်ရမယ်။ ကိုယ့်မှာရှိနေတဲ့
ကိလေသာအဟောင်းကိုလည်း ချေမှုန်း၊ နောက်တိုး ကိလေသာအသစ်တွေလည်း
ခြေကုပ်မယူနိုင်အောင် ထိုးစစ်ဆင်၊
`မပေါ့ခြင်း´ဖြင့် ကိလေသာအပေါ် အမြဲကြောင့်ကြစိုက်တဲ့ ၀ီရိယရှိဖို့ လိုတယ်။
ကိလေသာဆိုတာ မြွေပွေးလိုပဲ၊ မွေးကင်းစကတည်းက အဆိပ်ပါပြီးသား။
ဒါ့ကြောင့် ပေါ့လို့မဖြစ်ဘူး။ ဒီနေရာမှာ ခြင်္သေ့မင်းတို့ရဲ့ ၀ီရိယမျိုး မွေးမြူရမယ်။
သားကောင် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ တူညီသော လုံလ၀ီရီယထားပြီး
ဖမ်းယူလေ့ရှိတဲ့ ခြင်္သေ့မင်း ၀ီရိယမျိုးကို ကိလေသာအသေသတ်ရာမှာ အသုံးပြုပါ။
`မဆ´ဆိုတာ အချိန်ဆမနေနဲ့၊ အချိန်ဆွဲမနေနဲ့တဲ့။ ထမင်းစားချိန်မို့ ရေချိုးတုန်းမို့
ဆိုပြီး ချိန်ဆနေရင် ကိလေသာဝင်မှာပဲ။ ဒီတော့ အချိန်မရွေး၊ နေရာမရွေး၊
အလုပ်မရွေးဘဲ အမှတ်သတိ အမြဲရှိနေကြစမ်းပါ။
အဲဒီလို သတိရဲ့ တာဝန်လေးချက် ထမ်းရွက်လာနိုင်ပြီဆိုရင်
တရားရှင်စစ်စစ် ဖြစ်လာပါလိမ့်မယ်။
(၁၉၉၇ ခုနစ်၊ နတ်တလူတောရ သြ၀ါဒ)
No comments:
Post a Comment