Monday, August 27, 2012

မဂ္ဂင်ရှစ်ပါး

မဇ္ဈိမပဋိပဒါ၏အကျိုး
(မဇ္ဈိမ = အလယ်အလတ် + ပဋိပဒါ = အကျင့် (နိဗ္ဗာန်သွားကြောင်း လမ်းစဉ်)
ကာမလိုက်စားသော ကာမသုခလ္လိက အကျင့်သည် လက်ယာလမ်းဖြစ်၍ အောက်တန်းကျ၏၊ ပျော့ညံ့လှ၏၊
လျော့သောစောင်း ကြိုးသည် အသံကောင်းမမြည်စေသကဲ့သို့ ထိုအကျင့်ဖြင့် မဂ်ဖိုလ် နိဗ္ဗာန်ကို မရနိုင်၊
ခန္ဓာကိုယ် ဒုက္ခပေးသော အတ္တကိလမထအကျင့်ကား လက်ဝဲလမ်းဖြစ်၍ တင်းလွန်း၏၊ အောက်တန်းကျသည်,ယုတ်ညံ့သည်ဟု မဆိုရသော်လည်း ထို အလွန်တင်း၍ အပြင်းအထန် ကျင့်မှုလည်း
(တင်းလွန်းသောစောင်းကြိုးသည်
အသံကောင်း မမြည်စေသကဲ့သို့) မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ရန် မှန်သောလမ်း မဟုတ်သေးချေ။
မလျော့မတင်း စောင်းကြိုးညင်းကဲ့သို့ လျော့လည်း မလျော့, တင်းလည်း မတင်းဘဲ ဉာဏ်စက္ခုအလင်းရအောင် ပြုနိုင်,ထိုးထွင်း၍လည်း သိအောင်ပြုနိုင်, နိဗ္ဗာန်ကိုလည်း သိမြင်စေနိုင်သော အကျင့်သည်သာ အလည်အလတ်အကျင့်ဖြစ်၍ လမ်းမှန်သော အကျင့် ဖြစ်နိုင်သည်၊ ဗုဒ္ဓလောင်းတော်ကား ထိုကျင့်စဉ်အမှန်ကိုတွေ့မှ ဗုဒ္ဓအဖြစ်သို့ ရောက်ရပေသည်၊ထိုအကျင့်ကား တခြားမဟုတ်, သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးပင်တည်း။

(၁)သမ္မာဒိဋ္ဌိ
[သမ္မာ = မှန်သော + ဒိဋ္ဌိ = အမြင် (အသိဉာဏ်)]
မှန်သော ဉာဏ်အမြင်ကို "သမ္မာဒိဋ္ဌိ" ဟုခေါ်၏။ ထို သမ္မာဒိဋ္ဌိသည် ကမ္မဿကတာဉာဏ်, ၀ိပဿနာဉာဏ်ဟု နှစ်မျိုးရှိ၏။
ကောင်းသောအရာဖြစ်စေ, မကောင်းသောအရာဖြစ်စေ သိသိသာသာ စိတ်ပါလက်ပါ ပြုအပ်သော ကိုယ်မှု နှုတ်မှု စိတ်မှုတို့သည် အမှတ်တမဲ့စိတ်များနှင့် မတူဘဲ ဆိုင်ရာကိစ္စ၌ ဗျာပါရ ရှိနေကြသည်၊ ထိုစိတ်၏ ဗျာပါရ (စိတ်လှုံ့ဆော်မှု)ကိုပင်အဘိဓမ္မာသဘောအားဖြင့် "စေတနာစေတသိက်" ဟု ခေါ်၍ ထိုလှုံ့ဆော်မှု စေတနာ ဗျာပါရကိုပင် "ကံ=အမှုသည်=လက်သည်"ဟု ဆိုရပါသည်၊ ပြုလုပ် ပြောဆို ကြံစည်စိတ်ကူးပြီးသောအခါ ထို(စေတနာ)ကံသည် ချုပ်ကွယ်သွားသော်လည်း သူ၏သတ္တိကား မပျောက်ကွယ်ဘဲ ခန္ဓာအစဉ်မှာ တည်ရှိရစ်ပါသည်။ဥပမာ... ပညာသင်ကြား၍ တတ်မြောက်သူတို့သန္တာန်၌ ထိုသင်ထားသော ကျက်စာတွေ မေ့ပျောက်သွားသော်လည်းထိုစာနှင့်ဆိုင်သော အသိဉာဏ်ဓာတ်ခံမှာမူ အဖတ်တင်ရစ်သကဲ့သို့တည်း ထိုသို့ အဖတ်တင်ရစ်သော ကံ၏သတ္တိသည်ယခုဘ၀မှာဖြစ်စေ, နောက်နောက် ဘ၀မှာဖြစ်စေ အကျိုးပေးခွင့် ကြုံလာလျှင် အကျိုးပေးနိုင်၏။ အလွန်ထက်သန်သော ကံတချို့သည် ယခုဘ၀မှာပင် အကျိုးပေး၏။ အချို့ကံကား နောက်ဘ၀၌ သူနှင့် ထိုက်တန်သော ဘုံဘ၀ကို ရခြင်း,
သူ့ကို အကူအညီပေးမည့် ဉာဏ် ၀ီရိယ စိုက်ထုတ်၍ အလုပ်လုပ်ခြင်းများနှင့် တွေ့ကြုံရသောအခါ အကျိုးပေး၏။ ဤသို့ တစ်စုံတစ်ယောက်၏ အလိုကြောင့် ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု မယူဆဘဲ မိမိပြုအပ်သော ကံနှင့် ဉာဏ် ၀ီရိယတို့၏ ကောင်းမှု မကောင်းမှုကြောင့်သာ ကောင်းကျိုး မကောင်းကျိုး ခံစားရသည်ဟု သိမြင် နားလည်ခြင်းသည်"ကမ္မဿကတာသမ္မာဒိဋ္ဌိ" မည်၏။ [ကမ္မဿကတာ=ကံသာလျှင် ရောက်ရာ ဘ၀၌ လိုက်ပါ၍ ကိုယ်ပိုင်ဥစ္စာရှိကြောင်း(ပစ္စည်းဥစ္စာ ရတနာတို့ကား နောက်နောက်ဘ၀သို့ မပါသဖြင့် ကိုယ်ပိုင်ဟု မဆိုနိုင်ကြောင်း) ကို +သမ္မာဒိဋ္ဌိ=အမှန်အတိုင်း သိမြင်သောဉာဏ်။]
ဝိပဿနာဉာဏ်ဟု ခေါ်ရသော သမ္မာဒိဋ္ဌိကား ကမ္မဿကတာသမ္မာဒိဋ္ဌိထက် အဆင့်အတန်း ရင့်သာလာ၏၊ ကံနှင့် ကံ၏အကျိုးကို ယုံကြည် သိမြင်ရုံသာမကဘဲ ခန္ဓာကိုယ်ကြီး၏ အနိစ္စ=မမြဲပုံ, ဒုက္ခ=ဒုက္ခဖြစ်ပုံ, အနတ္တ=အတ္တ မဟုတ်, အတ္တမရှိပုံတို့ကို အမျိုးမျိုး အဖုံဖုံ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်နိုင်သည်။

(၂)သမ္မာသင်္ကပ္ပ
(ကာမသင်္ကပ္ပ)
[သမ္မာ = ကောင်းသော, အပြစ်ကင်းသော + သင်္ကပ္ပ = ကြံစည်မှု, စိတ်ကူးမှု, စဉ်းစားမှု၊]
လောက၌ "မိစ္ဆာသင်္ကပ္ပ" ဟုခေါ်ရသော မကောင်းသော အကြံအစည် စိတ်ကူး စဉ်းစားမှုများသည်
"ကာမသင်္ကပ္ပ, ဗျာပါဒသင်္ကပ္ပ, ၀ိဟိံသာသင်္ကပ္ပ" ဟု သုံးမျိုးရှိ၏။ ချဲ့ဦးအံ့... လှပသော အဆင်း,
သာယာဖွယ် အသံ, မွှေးကြိုင်သောအနံ့, ကောင်းသော အရသာ, ကောင်းသော အတွေ့ အားဖြင့်
ငါးပါးသော ကာမဆိုင်ရာအာရုံများကို ခံစားချင်သော ဇောစိတ်ဖြင့် တွေးတောကြံစည် စိတ်ကူးနေခြင်း,
ခံစားပြီးသည်ကို မှန်းဆ၍ တမ်းတအောက်မေ့နေခြင်း ထိုအာရုံများကို ခံစားဖို့ရန် ပစ္စည်းဥစ္စာ,
နေရာထိုင်ခင်း, အိမ်ဝင်း ဥယျာဉ် စသည်တို့ကို ရအောင် ရှာဖွေကြံစည်နေခြင်းသည် ကာမဆိုင်ရာကို
ကြံစည်နေသော "ကာမသင်္ကပ္ပ" မည်၏။
(ဗျာပါဒသင်္ကပ္ပ)
ပင်ကိုအတိုင်း စိတ်ကောင်း မဟုတ်တော့ဘဲ စိတ်ဖောက်ပြန် ပျက်စီးနေသော ဒေါသကို "ဗျာပါဒ" ဟု
ခေါ်၏၊ ဒေါသဖြစ်လွန်းမက ဖြစ်လှ၍ မိမိနှင့် မတည့်သူကို တွေးကာ "ဒီအကောင် ဘယ်တော့များ သေပါ့မလဲ,
ငါကိုယ်တိုင် သတ်ရကောင်းမလား, ဘယ်သူလာပြီး သတ်ပါ့မလဲ" စသည်ဖြင့် ကြံစည်စိတ်ကူးမှုသည်
"ဗျာပါဒသင်္ကပ္ပ" မည်၏။
(၀ိဟိံသာသင်္ကပ္ပ)
သူတစ်ပါးကို သေအောင် မဟုတ်ဘဲ စိတ်ဆင်းရဲရုံ, ကိုယ်ဆင်းရဲရုံ, ကိုယ်တိုင်ညှဉ်းဆဲလိုသော,
သူတစ်ပါး လာ၍ ညှဉ်းဆဲစေလိုသော, ရုံးကနားရောက်၍ ငွေကုန်ကြေးကျ ဖြစ်စေလိုသော အကြံအစည်
သည် "၀ိဟိံသာသင်္ကပ္ပ" မည်၏။
*နေက္ခမ္မသင်္ကပ္ပ*
မိမိစိတ်၌ ထို သုံးမျိုးလုံး မဖြစ်အောင် စောင့်စည်း၍ နေက္ခမ္မသင်္ကပ္ပ, အဗျာပါဒသင်္ကပ္ပ, အ၀ိဟိံသာသင်္ကပ္ပ၊
ဖြစ်နေစေခြင်းသည် "သမ္မာသင်္ကပ္ပ" မည်၏။ ချဲ့ဦးအံ့ - [နေက္ခမ္မ = ကာမမှ ထွက်မြောက်သော + သင်္ကပ္ပ =
ကြံစည်, စိတ်ကူးမှု] ကာမအာရုံကို စွန့်ပယ်၍ ရဟန်းကောင်း ရဟန်းမြတ် ပြုလုပ်မည်ဟုကြံစည်စိတ်ကူးခြင်း၊
တောထွက်၍ ကျင့်မည်ဟု ကြံစည်စိတ်ကူးခြင်း၊ ဈာန်ရအောင် အားထုတ်မည်, ကမ္မဋ္ဌာန်းအားထုတ်မည်ဟု
ကြံစည်စိတ်ကူးခြင်း၊ ကုသိုလ်တရားတွေ မိမိမှာ များများဖြစ်စေဖို့ရန် ဒါနပြုမည်, ဥပုသ်စောင့်မည်ဟု ကြံစည်ခြင်း ဤသို့ စသည်ဖြင့် ကာမလိုက်စားမှု၏ တစ်ဖက်တစ်လမ်း ကြံစည်စိတ်ကူးခြင်းဟူသမျှသည် နေက္ခမ္မသင်္ကပ္ပတည်း၊
*အဗျာပါဒသင်္ကပ္ပ*
ဒေါသ၏ တစ်ဖက်တစ်လမ်း ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာကို "အဗျာပါဒ" ခေါ်၏၊ တစ်ယောက်အပေါ်၌ ဖြစ်စေ, အများအပေါ်၌ဖြစ်စေ တရားသောနည်းလမ်းဖြင့် အကျိုးကို လိုလားကာ ချမ်းသာ ကျန်းမာစေလို, အန္တရာယ်ကင်း ရန်းဘေး ရှင်းစေလိုသော မေတ္တာစိတ်ဖြင့် ကြံစည် စိတ်ကူးခြင်း၊ ဆရာသမားဖြစ်၍ တပည့်များ၏ အကျိုးစီးပွားဖြစ်မည့် အလုပ်တွေကို ကြံစည်စိတ်ကူးညွှန်ပြနေခြင်း၊ မိဘ ရပ်ရွာလူကြီး တိုင်းပြည်ခေါင်းဆောင်ဖြစ်၍ အိမ်သူအိမ်သား ရပ်သူရွာသား တိုင်းသူပြည်သားတို့၏ အကျိုးစီးပွားကို ကြံစည်စိတ်ကူးနေခြင်းသည် အဗျာပါဒသင်္ကပ္ပ မည်၏။ [ထိုသို့ ကြံစည်ရာ၌ သူတစ်ပါး၏ စီးပွားရေးကို ထိခိုက်နေလျှင် ၀ိဟိံသာသင်္ကပ္ပ ဖြစ်သောကြောင့် ထိုသို့ မထိခိုက်စေအောင် သတိထားရပေမည်။]
*အ၀ိဟိံသာသင်္ကပ္ပ*
ညှဉ်းဆဲလိုသော ဒေါသ၏ တစ်ဖက်တစ်လမ်း ဆန့်ကျင်ဘက်ဖြစ်နေသော ကရုဏာသည် အ၀ိဟိံသာသင်္ကပ္ပ မည်၏။ထိုကရုဏာဖြင့် ဆင်းရဲသူများကို သနားကြင်နာ၍ ကယ်ဆယ်လိုခြင်း၊ အောက်ကျ နောက်ကျဖြစ်နေ သော တိုင်းသူပြည်သား, ရပ်သူနယ်သား, ကျောင်းသူကျောင်းသား, တပည့်ဒကာ ဒကာမများကို သနားညှာတာ၍ အထက်တန်းရောက်ဖို့ နည်းလမ်းရှာဖွေ စိတ်ကူးနေခြင်းသည် အ၀ိဟိံသာသင်္ကပ္ပ မည်၏။ ဤသင်္ကပ္ပ သုံးမျိုးသည် မဇ္ဈိမပဋိပဒါ၌ ပါဝင်သော သမ္မာသင်္ကပ္ပ မဂ္ဂင်တစ်ပါးပေတည်း။

(၃)သမ္မာဝါစာ
မုသာဝါဒ = မုသားပြောမှု (လိမ်မှု, လှည့်ပတ်မှု, ညာဖြန်းမှု)
ပိသုဏ၀ါစ = ရန်တိုက်မှု၊
ဖရုသ၀ါစာ = ကြမ်းတမ်းယုတ်မာ ဆဲဆိုမှု၊
သမ္ဖပ္ပလာပ = အဖျင်းစကား အပျက်စကား (သက်သက် ရယ်မောစရာသာ ဖြစ်၍ အကျိုးမရှိသော
စကား) ပြောမှုများကို "၀စီဒုစရိုက် = နှုတ်ဖြင့် မကောင်းပြုကျင့်မှု" ဟု ခေါ်၏၊ "မိစ္ဆာဝါစာ" ဟုလည်း
ခေါ်၏၊ ထိုစကားလေးမျိုးကို ပြောခွင့်ကြုံလာလျက် မပြောမိအောင် ရှောင်ခြင်းသည် သမ္မာဝါစာ မည်၏။
မှန်သောစကားကိုသာ ပြောခြင်း၊ တစ်ယောက်နှင့် တစ်ယောက် မကွဲပြားအောင် ညီညီညွတ်ညွတ်
သင့်သင့်မျှမျှ ရှိအောင် ပြောပေးခြင်း၊ နားထောင်သူတို့မှာ အကျိုးများသော စကားကိုသာ သာယာ
ချေငံစွာ ပြေပြေပြစ်ပြစ် ပြောခြင်း၊ ကြားနာသူတို့၏ ကောင်းကျိုးသက်သက်ကို မျှော်၍ (ဂုဏ်ရဖို့ လာဘ်ရဖို့
မမျှော်ဘဲ) တရားဟောပြခြင်းများလည်း သမ္မာဝါစာပင်တည်း။

(၄)သမ္မာကမ္မန္တ
ပါဏာတိပါတမှု, အဒိန္နာဒါနမှု, ကာမေသုမိစ္ဆာစာရမှု ဤသုံးပါးကို
"ကာယဒုစရိုက် = ကိုယ်ဖြင့် မကောင်းကျင့်မှု" ဟု ခေါ်၏။ "မိစ္ဆာကမ္မန္တ" ဟုလည်း ခေါ်၏။ ထို သုံးမျိုးမှ ရှောင်ခြင်း (ပြုခွင့်ကြုံလာလျက် မပြုဘဲ ရှောင်ခြင်း)သည် သမ္မာကမ္မန္တ မည်၏။ သူတစ်ပါး၏ အသက်ရှည်ကြောင်း, အနာရောဂါ ကင်းကြောင်း, ဆေးဝါးစုဆောင်းမှု ဆေးတိုက် ဆေးရုံဖွင့်၍ ကုသိုလ်ပြုမှု, သူတစ်ပါးဥစ္စာ လုံခြုံအောင် စောင့်ရှောက်ပေးမှု, ဒါန ပြုမှု,သူတစ်ပါးတို့ စိတ်ကြည်နူးအောင် တံမြတ်လှည်းမှု, လမ်းပြင်ပေးမှု, ဘုရားတန်ဆောင်း စသည်၌ သန့်ရှင်းစင်ကြယ်အောင် ပြုမှု, ကမ္မဋ္ဌာန်းအားထုတ်ဖို့ နေရာထိုင်ခင်း သန့်ရှင်းပေးမှု စသော ကိုယ်မှုဟူသမျှသည် သမ္မာကမ္မန္တချည်းတည်း။

(၅)သမ္မာအာဇီဝ
အာဇီဝ - အသက်မွေးဖို့ ပစ္စည်းရှာဖွေမှု၊
ပါဏာတိပါတ စသော ဒုစရိုက် မပါစေဘဲ တရားသဖြင့် လယ်ယာလုပ်၍, ကုန်ရောင်း၍, ငွေချေး၍ အသက်မွေးခြင်း၊ ကိုယ်ဖြင့် ရင်းနှီး၍, ပညာဖြင့် ရင်းနှီး၍ အသက်မွေးခြင်း, အချုပ်အားဖြင့် ငါးပါးသီလ မပျက်အောင် အသက်မွေးခြင်းသည် "သမ္မာအာဇီဝ" ဖြစ်၏။ ထိုသို့ မဟုတ်ဘဲ ဒုစရိုက်မှုဖြင့် အသက်မွေးခြင်း, လိမ်လည် လှည့်စား၍ ရောင်းဝယ် အသက်မွေးခြင်းသည် "မိစ္ဆာဇီဝ" ဖြစ်၏။

(၆)သမ္မာဝါယာမ
အားထုတ်မှု ၀ီရိယကို ``၀ါယာမ´´ဟု ခေါ်၏။ မတရားသဖြင့် ပစ္စည်းရှာမှု ပါဏာတိပါတအမှု စသည်ကို ပြုရာ၌ လုံလ၊ ၀ီရိယ ပါကြရသည်။ ထိုဝီရိယမျိုးကို "မိစ္ဆာဝါယာမ" ဟု ခေါ်၏။ ထိုဝီရိယမျိုး မဖြစ်စေဘဲ
တရားသောနည်းလမ်းဖြင့် ကြိုးပမ်းအားထုတ်မှုသည် "သမ္မာဝါယာမ" ချည်းသာတည်း၊
ထို ၀ါယာမကို ကျမ်းဂန်တို့၌ လေးမျိုးပြ၏။
၁။ သူတစ်ပါး၌ ဖြစ်တတ်သော အကုသိုလ်မျိုးသည် ယခုဘ၀၌ မိမိမှာ တစ်ခါမျှ
မဖြစ်ဘူးသေးလျှင် ထိုအကုသိုလ်မျိုး မဖြစ်အောင် ကြိုးစား၍ ရှောင်ရှားခြင်းသည် သမ္မာဝါယာမတည်း။
၂။ ထိုအကုသိုလ်မျိုး ဖြစ်မိပြန်လျှင် နောက်ထပ် မဖြစ်အောင် အကုသိုလ် မတိုးပွားအောင်
ကြိုးစားခြင်းသည် ဖြစ်ပြီးအကုသိုလ်ကို ပယ်ရှားသော သမ္မာဝါယာမ တစ်မျိုးတည်း။
၃။ မိမိသန္တာန်၌ မဖြစ်ဖူးသေးသော ကုသိုလ်အထူးကိုရအောင် ဈာန်, မဂ် အထိ ကြိုးစားခြင်း
သည် မဖြစ်သေးသော ကုသိုလ်ဖြစ်အောင် ကြိုးစားသော သမ္မာဝါယာမ တစ်မျိုးတည်း။
၎။ ဖြစ်လက်စ ကုသိုလ်ကို နောက် မဆုတ်ဘဲ ရှေ့သို့သာ တိုးအောင် ရဟန္တာဖြစ်သည်အထိ
ကြိုးစားခြင်းသည် ဖြစ်ပြီးကုသိုလ်ကို တိုးတတ်အောင် အားထုတ်သော သမ္မာဝါယာမ တစ်မျိုးတည်း။


(၇)သမ္မာသတိ
ကောင်းသောအမှတ်ရခြင်း, ကောင်းသောသတိထားခြင်းကို ``သမ္မာသတိ´´ဟုခေါ်၏။ ခန္ဓာကိုယ်၌ ဆံပင်၊ အမွေး စသည်ကို စိတ်ဖြင့် ခွဲခြား၍ ထိုအားလုံးကို အသုဘဟု(မတင့်တယ် ရွံစဖွယ် စက်ဆုပ်ဖွယ်ဟု) သတိထားခြင်းသည် သမ္မာသတိ တည်း၊ ခံစားမှု စသော ဝေဒနာတို့၌ ကောင်းသော ဝေဒနာဖြစ်လျှင်
ထိုဝေဒနာ ပျက်သွားသည်နှင့်တစ်ပြိုင်နက် ဒုက္ခဖြစ်ရတော့၏။ ကိုယ်ဆင်းရဲမှုဖြစ်ရသော ဒုက္ခဝေဒနာများကား သူ့နဂိုအတိုင်း ဒုက္ခဖြစ်ကြောင်း ထင်ရှား၏။ ဤသို့ ဝေဒနာဖြစ်သမျှ၌ ကောင်းသည် ဖြစ်စေ, ဆိုးသည် ဖြစ်စေ ဒုက္ခဟုချည်း သတိထားနေခြင်းသည် သမ္မာသတိ တစ်မျိုးတည်း။ မိမိ၏ စိတ်အစဉ်ကို သတိထား၍ စဉ်းစားကြည့်သောအခါ ရူပါရုံကို ကြည့်နေစဉ်က ကြည့်စိတ်တစ်မျိုး, သဒ္ဒါရုံကို ကြားပြန်တော့ ကြားစိတ်ကတစ်မျိုး စသည်ဖြင့် လည်းကောင်း, ဘုရားအစရှိသည်ကို အာရုံပြု၍ ကုသိုလ်စိတ်ဖြစ်နေရာမှ မကျေနပ် ဖွယ်အကြောင်းတွေ ပေါ်လာ၍ ဒေါသဖြစ်ရသောအခါ ဒေါသစိတ်တစ်မျိုး ဤသို့စိတ်အစဉ် ပြောင်းလဲပုံကို သတိထား၍ စိတ်မမြဲကြောင်း, အနိစ္စဖြစ်ကြောင်းကို သိမှတ်နေသော
သတိသည် သမ္မာသတိတစ်မျိုးတည်း။ အဘိဓမ္မာကို လိုက်စား၍ အတော်အသားကျနေသူတို့သည် မည်သည့်ကိစ္စ၌မဆို အတ္တမရှိ, ဖဿ ဝေဒနာ သညာ စသော တရားတွေသာ ဆိုင်ရာကိစ္စတို့ကို ပြုလုပ်
ဆောင်ရွက်နေကြသည်ဟု သတိထားကြည့်က သိရှိနိုင်ကြလေသည်။ ဤသို့ ဖဿ စသော တရားအစုကို သတိထား၍ အတ္တမရှိကြောင်းကို သိမှတ်သော သတိသည် သမ္မာသတိ မည်၏။

(၈)သမ္မာသမာဓိ
ကျမ်းဂန်တို့၌ ဈာန်ဝင်စားသော သမာဓိကိုသာ သမ္မာသမာဓိဟု ပြထား၏။ သို့သော် ကမ္မဋ္ဌာန်း၌ သမာဓိရနေခြင်း၊ ကောင်းသော စာပေကို ကြည့်ရှုရေးသားနေရာ၌ သမာဓိရနေခြင်း၊ ဒါနကိစ္စ, သီလကိစ္စ, အများအကျိုးကိုဆောင်ရမည့်ကိစ္စ စသော ကုသိုလ်ကိစ္စကို စဉ်းစားနေရာ၌ သမာဓိရနေခြင်းကိုလည်း
``သမ္မာသမာဓိ = ကောင်းသောတည်ကြည်ခြင်း´´ ဟု ဆိုထိုက်ပေသည်။

အထပ်ထပ်ကြိုးစားပါ
ဤပြခဲ့သော သမ္မာဒိဋ္ဌိစသော ရှစ်ပါးကို ``မဇ္ဈိမပဋိပဒါ´´ဟုခေါ်၏၊ ဤတရားရှစ်ပါးကို မိမိသန္တာန်ဝယ် ဖြစ်အောင်ကြိုးစားရာ၌ တစ်နေ့၊ တစ်ရက်၊ တစ်နံနက်တစ်ခဏမျှ ကြိုးစားရမည် မဟုတ်၊ အရကျက်သူသည် တစ်ခေါက်ကျက်ရုံမျှဖြင့်မရဘဲ အခေါက်ခေါက် ကျက်ရ၏။ ရပြန်ပါလည်း မကျေမချင်း ထပ်၍ထပ်၍ အံ
ရ၏။ ထိုမျှလောက်ကြိုးစားထားမှ ထိုစာနှင့်ဆိုင်သော အကျိုးကို ရနိုင်သကဲ့သို့ ထို့အတူ ၀ိပဿနာ သမ္မာဒိဋ္ဌိအခန်းဝယ် ပြခဲ့သည့်အတိုင်း မိမိခန္ဓာကိုယ်ကို အာရုံပြု၍ မမြဲပုံ(အနိစ္စ) စသော အခြင်းအရာကို ရှုကာ ``မဇ္ဈိမပဋိပါဒါ´´ခေါ် မဂ္ဂင်ရှစ်ပါးကို မိမိသန္တာန်၌ ပထမ ဖြစ်အောင်ကြိုးစားပါ။ ထို့နောက် ထပ်၍ ထပ်၍
ဖြစ်အောင်လည်း ကြိုးစားပါ။ အထွတ်အထိပ်ရောက်အောင် ကြိုးစားလျှင်
"စက္ခုကရဏီ = ဉာဏ်စက္ခုအလင်းရ၍" တစ်သံသရာလုံး၌ မမြင်ရခဲ့သော
သစ္စာလေးပါးကို သိမြင်နိုင်ပါသည်။

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတေ် အရှင်ဇနကာဘိဝံသ ၏
အနာဂတ်သာသနာရေးမှ ထုတ်နုတ်ဖော်ပြထားပါသည်။

No comments:

Post a Comment