ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"
၏
ဒသမကျမ်းစာ
အနာဂတ်သာသနာရေး
စာအုပ်မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
ဒုက္ခသစ္စာ
ဘိက္ခုတို့ ... ယခုပြမည့် တရားသည် "ဒုက္ခ"ဟု
ခေါ်အပ်သော အရိယသစ္စာတည်း၊ ပဋိသန္ဓေ
နေရခြင်းလည်း ဒုက္ခ, အိုရခြင်းလည်း ဒုက္ခ,
နာရခြင်းလည်း ဒုက္ခ, သေရခြင်းလည်း ဒုက္ခ,
မုန်းသူတို့နှင့် အတူနေရခြင်းလည်း ဒုက္ခ,
ချစ်သူတို့နှင့် ကွေကွင်းရခြင်းလည်း ဒုက္ခ,
လိုတာမရခြင်းလည်း ဒုက္ခ, အချုပ်အားဖြင့်ကား
(ဥပါဒါန်ဟု ခေါ်ရသော တဏှာ, ဒိဋ္ဌိတို့၏
အာရုံဖြစ်သော) ဤ ခန္ဓာတစ်ကိုယ်လုံး
ဒုက္ခတုံးကြီး ဖြစ်သည်။
ဒုက္ခသစ္စာရှင်းလင်းချက်
(ဒုက္ခ=ဆင်းရဲတာ+သစ္စာ=အမှန်)
စိတ်မှာ ဖြစ်စေ, ကိုယ်မှာ ဖြစ်စေ ဆင်းရဲနေတာ
အမှန်သည်ကို "ဒုက္ခသစ္စာ"ဟု ခေါ်၏၊ ထိုသို့
ဒုက္ခမှန်ကြောင်းကို ထိုးထိုးထွင်းထွင်း ရှင်းလင်း
စွာသိသောအခါ အရိယာဖြစ်ရသောကြောင့်
"'ဒုက္ခအရိယာသစ္စာ" ဟုလည်း ခေါ်ရသည်၊
လောက၌ အမိဝမ်းတိုက်ဝယ် ပဋိသန္ဓေနေရ
သည်မှ စ၍ ဖွားမြင်ရသည်အထိ ဒုက္ခရောက်
ရပုံသည် မှန်းဆ၍ ကြည့်ခြင်းအားဖြင့်လည်းကောင်း,
ဖွားမြင်သောအခါ မျက်မြင် ကိုယ်တွေ့အားဖြင့်
လည်းကောင်း, ထင်ရှား၏။ ထိုဒုက္ခသည်
ဇာတိဒုက္ခ မည်၏။ အိုမင်းမစွမ်းသောအခါ
ဒုက္ခဖြစ်ပုံသည် ဇရာဒုက္ခတည်း၊ နာကျင်ကိုက်ခဲ
မှုမှ စ၍ သေသည့်တိုင်အောင်ပင် ရောဂါဖြစ်နေ
ရသော ဒုက္ခသည် ဗျာဓိဒုက္ခတည်း။
သေခါနီး၌ ထင်လာသော အာရုံကို "နိမိတ်"ဟု
ခေါ်၏၊ ဘ၀ အသစ် ဖြစ်ဖို့ရန် နိမိတ်တစ်မျိုးမျိုး
ထင်လာသောအခါ ယုတ်မာသူတို့သည်
မကောင်းနိမိတ် ထင်လာ၍ လွန်စွာဆင်းရဲကြရ၏၊
တချို့မှာ ညည်းညူကြ, ဟစ်အော်ကြ,
ယောင်ယမ်းကြ၏၊ သူတော်ကောင်းဖြစ်၍
နိမိတ်ကောင်းများ ထင်လာစေကာမူ
ဘ၀ဟောင်းက ဆွေမျိုး ဥစ္စာ အရာရာနှင့်
ခွာရတော့မည် ဖြစ်၍ စိတ်ဆင်းရဲကြသေး၏
ဤဒုက္ခသည် မရဏဒုက္ခတည်း။
ဤဇာတိ ဇရာ ဗျာဓိ မရဏတို့နှင့် ကင်း၍
ကျန်းကျန်းမာမာ နေတုန်းမှာလည်း သားဆိုး,
သမီးဆိုး ဆွေဆိုး မျိုးဆိုး အပေါင်းအသင်း
မိတ်ဆွေဆိုး အခိုင်းအစေ အခြွေအရံဆိုး
အိမ်ထောင်ဘက်ဆိုးတို့နှင့် တွေ့ရသောကြောင့်
ဒုက္ခ, မိမိကို မုန်းတီး၍ ရန်ရှာနေသူများကြောင့်
တွေ့ရသော ဒုက္ခသည် -
အပ္ပိယေဟိသမ္ပယောဂ=မချစ်အပ်သူတို့နှင့်
ပေါင်းရသော ဒုက္ခများတည်း၊ ချစ်သူတို့နှင့်
အသက်ရှင်ခိုက် ကွဲနေရ, သေကွဲ ကွဲရသော
ဒုက္ခသည် ပိယေဟိဝိပ္ပယောဂ ဒုက္ခ မည်၏၊
ထိုဒုက္ခတို့မှ ကင်းပါသည်ဟု ဆိုရသူတို့မှာလည်း
လိုတာကို မရနိုင်သော "ယံ ပိစံ္ဆ န လဘတိ
တံ ပိ ဒုက္ခံ" ကို ခံကြရသေးသည်။
ဒုက္ခအားလုံး၏ အခြေခံ
(ခန္ဓာကိုယ်ကို "ဥပါဒါနက္ခနာ" ဟု
လွယ်လွယ် မှတ်ထားပါ၊) အားလုံး ဒုက္ခတွေ၏
အခြေခံသည် ဤခန္ဓာကိုယ်ပင်တည်း၊ ထို့ကြောင့်
"သံခိတ္တေနပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ=အကျဉ်းအား
ဖြင့် ဤခန္ဓာကိုယ်တစ်ခုလုံး ဒုက္ခတုံးသာ ဖြစ်၏"
ဟု ဟောတော်မူသည်၊ မှန်၏၊
"မောင်ဋ္ဌေးမည်သော ခန္ဓာကိုယ် ရှိနေလို့သာ
မောင်ဋ္ဌေး ဖြစ်ရ, မောင်ဋ္ဌေးအို-အိုရ, မောင်ဋ္ဌေးနာ
-နာရ, မောင်ဋ္ဌေးသေ-သေရ, မောင်ဋ္ဌေးချစ်သူတို့
နှင့် ကွဲရ, မောင်ဋ္ဌေး မုန်းသူတို့နှင့် အတူနေရ,
မောင်ဋ္ဌေး လိုတာ မရ၍ ဒုက္ခဖြစ်ရသည်။"
"မောင်ဋ္ဌေး မရှိလျှင် မောင်ဋ္ဌေး ဖြစ်-မဖြစ်ရ,
မောင်ဋ္ဌေး အို-မအိုရ, မောင်ဋ္ဌေးနာ-မနာရ,
မောင်ဋ္ဌေးသေ-မသေရ, မောင်ဋ္ဌေးချစ်သူနှင့်
မကွဲရ, မောင်ဋ္ဌေး မုန်းသူနှင့် အတူမနေရ,
မောင်ဋ္ဌေး လိုတာမရှိ၍ ဒုက္ခအားလုံး မရှိတော့
ပါတကား။"
No comments:
Post a Comment