Saturday, September 29, 2012

သည်းခြေအရူးအလား ပုထုဇဉ်စိတ်များ

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး
ပြုစုတော်မူသော
ဘာဝနာဒီပနီ မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်

သည်းခြေအရူးအလား
ပုထုဇဉ်စိတ်များ

    သည်းခြေပျက်၍ အလွန်ကြီး ဖောက်ပြန်၍
နေသော အရူး၏ စိတ်သည် မီးကို ရွှေထင်၏၊ ရေပြင်
ကို မြေပြင်ထင်၏၊ ကောင်းကင်ကို ရေပြင်ထင်၏၊
သစ်ပင်တောချုံတွေကို ရွှေဘုံရွှေနန်းတွေ ထင်၏၊
ထိုမြင်မှုသည် စိတ်ဝိညာဏ်လှည့်စားမှု သက်သက်
သာတည်း၊
    ဓာတ်အမြင် မပေါက်သော ပုထုဇဉ် သတ္တဝါ
တို့၏စိတ်သည် ထို အရူးစိတ်နှင့် ထပ်တူပင်တည်း၊
အရူး၏စိတ်မှာ ဘာမှ မဟုတ်, ဘာမှမရှိသော ကောင်းကင်
ကို ရေပြင်ကြီး, ပင်လယ်ပြင်ကြီး အဟုတ်အမှန်
ထင်မြင်၍ နေမှုနှင့် ပုထုဇဉ် သတ္တဝါတို့၏စိတ်မှာ
နိမိတ်ကြီး ၂-ပါး ထင်မြင်၍ နေမှုတူလှ၏။၏
    ရုပ်ဓာတ်, နာမ်ဓာတ်တို့သည်သာ အဟုတ်ရှိ
အမှန်ရှိ ဖြစ်ကုန်၏၊ ထိုအဟုတ်ရှိ အမှန်ရှိတို့ကား
မျက်တောင်တစ်ခက် လျှပ်တစ်ပြက်မျှ ခိုင်မြဲသော
နိစ္စမျိုး မဟုတ်ကုန်၊ အလိုသို့လိုက်တတ်သော
အတ္တမျိုး မဟုတ်ကုန်၊ အနိစ္စမျိုး, အနတ္တမျိုးတို့သာ
ဖြစ်ကုန်၏။
    နိမိတ်ကြီး ၂-ပါးတို့ကား အဟုတ်ရှိ အမှန်ရှိ
မဟုတ်၊ စိတ်ဝိညာဏ် ထင်ချင်တတ်တိုင်း ထင်မြင်၍
နေသော အထည်ဒြဗ်ကြီးဖြစ်၍ နိစ္စအနေ, အတ္တအနေ
ထင်မြင်၍ နေကြကုန်၏။
    နိမိတ်ကြီး ၂-ပါးဆိုသည်လည်း အထည်ဒြဗ်
မဟုတ်သော ရုပ်ဓာတ်, နာမ်ဓာတ်ကိုပင် အထည်ဒြဗ်
ပြုလုပ်၍ ထင်မြင်သော အမှုတည်း။
    အရူးသည် ကောင်းကင်ကြီးကို ရေဟူ၍
အတပ် ထင်မြင်၏၊ အရူးထင်သည့်အတိုင်း ရေမဟုတ်
သည့်အတွက်ကြောင့် ရေကိစ္စ၌ အသုံးသက်သက်
မကျ၊ ရေဟု ထင်မြင်ချက်နှင့် အမက်ကြီး အစွဲကြီး
တစ်ခု ဖြစ်နေရုံမျှသာ ရှိ၏။
    ထို့အတူ သတ္တဝါတို့သည် ရုပ်ဓာတ်, နာမ်ဓာတ်
တို့ကို နိမိတ်ကြီး ၂-ပါးပြုလုပ်၍ နိစ္စ, အတ္တ ထင်မြင်၍
နေကြကုန်၏၊ သတ္တဝါတို့ ထင်မြင်သည့်အတိုင်း မဟုတ်
သည့်အတွက်ကြောင့် ထိုရုပ်ဓာတ်, နာမ်ဓာတ်တို့သည်
နိစ္စကိစ္စ, အတ္တကိစ္စနှင့် သက်သက် အသုံးမကျကုန်။

သညာက္ခန္ဓာ၌ အဓိပ္ပါယ် အကျဉ်း

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး
ပြုစုတော်မူသော
ဘာဝနာဒီပနီ မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်

သညာက္ခန္ဓာ၌ အဓိပ္ပါယ် အကျဉ်း

သညာက္ခန္ဓာ၌ "မှတ်သိလိမ်မာ- မမေ့ရာ" ဆိုသည်ကား
အမိဝမ်းမှ မွေးဖွားသည်မှစ၍ ဤကား အမိ,
ဤကား အဖ, ဤကား အရှေ့, ဤကား အနောက်
စသည်ဖြင့် သူအများတို့ ပြောဆိုပြုလုပ်သမျှတို့ကို
မှတ်၍ မှတ်၍ တစ်နေ့တစ်ခြား သိ ကြားလိမ်မာသည်
ဖြစ်၍ လာကြသောအမှု, တွေ့ဘူး ကြုံဘူး, ဆက်ဆံဘူး
သမျှကို ထင်ရှားရာဌာနတို့၌ မမေ့မပျောက် စွဲမြဲထင်းရှား
၍နေမှု အခြင်းအရာမျိုးကို သညာက္ခန္ဓာ ဆိုသည်။

အလိမ်မာ ၂-မျိုး။    ။ ၁။ မှတ်သိလိမ်မာ တစ်မျိုး,
          ၂။ တတ်သိလိမ်မာ တစ်မျိုးဟူ၍
              နှစ်မျိုးရှိ၏။
မှတ်သိလိမ်မာ။    ။သညာ၏ အသိအလိမ်မာကား
        မှတ်သိလိမ်မာတည်း။
တတ်သိလိမ်မာ။    ။ပညာ၏ အသိအလိမ်မာကား
        တတ်သိလိမ်မာတည်း။
    အရပ်ဒေသ အရိုး,အမျိုးတို့နှင့်ပင် ပြီးစီးနိုင်
သော အသိအလိပ်မာမျိုးသည် သညာနှင့် ပြီးစီး၏။
    ဆရာသမားထံ သင်ကြားလေ့လာ နာခံမှတ်
သားထားမှုနှင့်မှ ပြီးစီးသော အသိအလိမ်မာသည်ကား
ပညာပေတည်း။ အသိအလိမ်မာ နှစ်ပါးခွဲနည်း။

သညာ ၆-ပါး။    ။ထိုသညာက္ခန္ဓာသည် အာရုံအပြား
အားဖြင့် ၆-ပါးရှိ၏။
    ၁။    ရူပသညာ
    ၂။    သဒ္ဒသညာ
    ၃။    ဂန္ဓသညာ
    ၄။    ရသသညာ
    ၅။    ဖောဋ္ဌဗ္ဗသညာ
    ၆။    ဓမ္မသညာ
    ဤ ၆-ပါးတည်း။

အာရုံကို သိမှု ၆-ပါး။    ။ အဆင်းသဏ္ဍာန်မျိုး၌ သိမှု,
အသံမျိုး၌ သိမှု, အနံ့မျိုး၌ သိမှု, အရသာမျိုး၌ သိမှု,
ပထဝီ တေဇော ဝါယောဟူသော ဖောဋ္ဌဗ္ဗတို့၌ သိမှု,
ထိုငါးပါးတို့မှ ကြွင်းသော ကုသိုလ်ဓမ္မ, အကုသိုလ်ဓမ္မ,
အဗျာကတဓမ္မတို့၌ သိမှုဟူ၍ ၆-ပါး ဆိုလိုသည်။
    မျက်စိအရသာကို သိမှု, နားအရသာကို သိမှု,
နှာခေါင်းအရသာကို သိမှု, လျှာအရသာကို သိမှု,
ကိုယ်အင်္ဂါအရသာကို သိမှု, မနောအရသာကို သိမှု,
ဟူ၍လည်း ၆-ပါးဖြစ်၏။
    သတ္တဝါအပေါင်းတို့သည် ဤသညာနှင့်ပင်
နေ့နေ့ညည ကိစ္စအခွင့် အလုံးစုံမျိုးကို သိ၍သိ၍
လုပ်ကြံဆောင်ရွက်၍ နေကြကုန်၏။

ဝိညာဏ်နှင့်သညာ သိမှု အထူး
ဤအရာ၌ ဝိညာဏက္ခန္ဓာသိမှုနှင့် သညာက္ခန္ဓာသိမှု
ကိုလည်း ခွဲခြားရာ၏။
ဝိညာဏ်သိ    ၆-ဒွါရ ဆိုက်တိုက်လာသော
အာရုံတို့ကို သင်းကား မြေ, သင်ကား ရေ အစရှိသည်
ဖြင့် သိမြင်ဖော်ပြ၍ သွားမှုသည် ဝိညာဏ်၏ သိမှုတည်း၊
သညာ၏ သိမှုမဟုတ်။
သညာသိ        ဝိညာဏ်ဖော်ပြ၍ သွားသမျှကို
နောက်မမေ့ရအောင် မှတ်မှုသည် သညာ၏အမှုတည်း၊
ဝိညာဏ်၏ အမှုမဟုတ်။
ဝိညာဏ်သိ    ဝိညာဏ်အလိုအားဖြင့် ရှေ့သို့
တွေ့ကြုံပြီးကို ပြန်၍တစ်စုံတစ်ခုကိုမျှ မမှတ်မိနိုင်ရာ။
သညာသိ        သညာအလိုအားဖြင့် တွေ့ကြုံဘူး
သည်ကို မှတ်မိ၏ ရှေ့သို့ တစ်စုံတစ်ခုကိုမျှ သိမြင်မှု
မရှိလေရာ။
ဤကား သညာ, ဝိညာဏ် ၂-ပါးတို့၏ အထူးတည်း။

Monday, September 17, 2012

နိရောဓသစ္စာ ရှင်းလင်းချက်

နိရောဓသစ္စာ
ရှင်းလင်းချက်


ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"

ဒသမကျမ်းစာ
အနာဂတ်သာသနာရေး
စာအုပ်မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

(နိရောဓ=ချုပ်ရာ, ကုန်ခန်းရာ၊)
သစ္စာနှစ်ပါးတို့တွင် သမုဒယတဏှာသည်
ဒုက္ခဖြစ်ဖို့ရန် "အကြောင်းသစ္စာ"ပင်တည်း၊
ဒုက္ခဟူသမျှကား တဏှာအရင်းခံ၍
ဖြစ်ရသော "အကျိုးသစ္စာ" ပင်တည်း၊
အကြောင်း တဏှာ သမုဒယ ချုပ်ဆုံးလျှင်
အကျိုးဒုက္ခ အားလုံးလည်း ချုပ်ဆုံးမည်သာ
ဖြစ်၏၊ ကမ္မဋ္ဌာန်းကို အားထုတ်နေသူတို့သည်
ကမ္မဋ္ဌာန်းလမ်းစဉ်ဖြင့် တက်သွားသော
အခါ ဤ"နိရောဓ"မည်သော နိဗ္ဗာန်ကို
ဉာဏ်ဖြင့် အထင်အရှား မြင်ကြ၏။
ပထမအကြိမ် မြင်လိုက်လျှင်
(သောတာပန်ဖြစ်၍) သဿတဒိဋ္ဌိ,
ဥစ္ဆေဒဒိဋ္ဌိ နှစ်မျိုးနှင့် တွဲဖက်ဖြစ်သော
ဘ၀တဏှာ, ၀ိဘ၀တဏှာ နှစ်မျိုးလုံး
ထိုပုဂ္ဂိုလ်၏ သန္တာန်မှ ကင်းသွားတော့၏၊
ဆက်လက်အားထုတ်၍ ထိုနိဗ္ဗာန်တရားကို
ဒုတိယအကြိမ် မြင်လာသောအခါ
(သကဒါဂါမ် ဖြစ်၍) ကာမတဏှာသည်
အတော်နည်းသွား၏၊ တတိယအကြိမ်
မြင်ပြန်သောအခါ (အနာမ်ဂါမ် ဖြစ်၍)
ကာမတဏှာ အားလုံးကုန်လေပြီ၊
သို့သော် ဗြဟ္မာ့ဘ၀ကို နှစ်သက်၍
နေသော ဘ၀တဏှာတစ်မျိုးကား
ကျန်နေသေး၏၊ စတုတ္ထအကြိမ်
မြင်ပြန်သောအခါ (ရဟန္တာဖြစ်၍)
ဗြဟ္မာ့ဘ၀ကိုသော်မှ မနှစ်သက်
တော့ဘဲ တဏှာအားလုံး
ကုန်ဆုံးလေတော့၏၊ ထို့ကြောင့်
နိဗ္ဗာန်ကို ထို တဏှာ သုံးမျိုး၏
အကြွင်းအကျန် မရှိအောင် ကုန်ရာ
"နိရောဓသစ္စာ" ဟု ဟောတော်
မူသည်။

နိဗ္ဗာန်၏သဘော
"နိဗ္ဗာန်သည် သန္တိသဘောရှိ၏"ဟု
ကျမ်းဂန်တို့၌ ဆို၏၊ သန္တိဟူသည်
ငြိမ်းအေးခြင်းတည်း၊ ယခုလက်ရှိ
ရုပ်နာမ်ခန္ဓာကိုယ်နှင့် နိဗ္ဗာန်သည်
ဟိုဘက်ကမ်းနှင့် ဤဘက်ကမ်း
ကဲ့သို့ တစ်ဖက်တစ်လမ်းဖြစ်၏၊
ထို့ကြောင့် နိဗ္ဗာန်၏ အေးငြိမ်းခြင်း
သန္တိသုခကို ဤရုပ်နာမ်တို့၏
ပူလောင်ခြင်း ဒုက္ခ နှင့် နှိုင်းယှဉ်
ကြည့်မှ သာ၍ သိသာသည်၊
"ဤခန္ဓာကိုယ်(ရုပ်နာမ်)အားလုံး
သည် မီးလောင်နေသလို ပူလောင်
နေသည်" ဟု ပြောလျှင် ရုပ်တရက်
သဘောပေါက်လိမ့်မည်ဟု မထင်ပေ၊
မိမိကိုယ်တိုင် တရားအားထုတ်နေသူ
ဖြစ်မှသာ သဘောပေါက်နိုင်စရာ
ရှိပါသည်၊ ဥပမာ... နွေအခါ
နေပူထဲ၌ အလုပ်လုပ်နေသူသည်
ထိုကဲ့သို့ နေပူထဲမှာပင် ခရီးသွား
စရာကိစ္စ ရှိပြန်သော်လည်း ထူးခြား
၍ ပူသည်ဟု မထင်၊ အရိပ်၌ နေသူ
ကသာ ထိုအပူများ၏ ပူကြောင်းကို
သိသကဲ့သို့တည်း။

ရုပ်နာမ်ခန္ဓာ
ပူလောင်ပုံ
ရုပ်နှင့်နာမ် နှစ်မျိုးလုံး ပေါင်းစပ်မိ
နေသော အရာကို "သတ္တ၀ါ (လူ
စသည်)" ဟု ခေါ်ထားကြသည်၊
(လူဟု ခေါ်ရသော မိမိခန္ဓာကိုယ်၌
စိတ်စိုက်ထားပါ၊) ဤခန္ဓာကိုယ်
သည် အမိဝမ်းခေါင်း အောင်းသည်
ကစ၍ ဖွားမြင်သည့်တိုင်အောင်
ဇာတိဒုက္ခ ဖြစ်နေရသဖြင့် ဇာတိမီး
အလောင်ခံရ၏၊ ဖွားပြီးနောက်
နုနယ်သောအသားကို ဟိုဟာ
သည်ဟာဖြင့် ထိခိုက်ရခြင်း,
ဆာလောင်မွတ်သိပ်ခြင်း,အတော်
ံကြီးလာလျှင် လိုတာမရခြင်း,
အမိအဖနှင့်ကွဲနေရခြင်း, ၀မ်းနည်း
ဖွယ်တွေ့နေရခြင်း, ငိုရခြင်း,
ကိုယ်ဒုက္ခ စိတ်ဒုက္ခ ဖြစ်ရခြင်း,
စသည်တို့ကြောင့် ခန္ဓာကိုယ်မှာ
ဒုက္ခမီးပူ အမျိုးမျိုး အလောင်ခံနေ
ရ၏၊ ထိုအတွင်းမှာပင် မကျန်းမမာ
ရောဂါမီးပူ အမျိုးမျိုး အလောင်ခံရ
သေး၏၊ အိုမင်းလာလျှင် ဇရာမီး
မရဏမီးတို့က လောင်ပြန်တော့၏၊
ထိုသို့ အထင်အရှား အပူမီးတွေ
အလောင်ခံရရုံသာမကသေး၊
(နှမ်းအိုးကင်းကို မီးကျီးပေါ်တင်
လိုက်သောအခါ ဖျစ်ဖျစ် ဖျစ်ဖျစ်
မြည်လျက် နှမ်းလုံးတိုင်း ကျက်
နေသကဲ့သို့) ဤ ခန္ဓာကိုယ်ဝယ်
ရုပ်ဟူသမျှ နေရာမလပ် ပျက်၍
နေရကား အချိန်ရှိသမျှ ရုပ်ခန္ဓာကို
မရဏမီး လောင်နေ၏၊ နာမ်ခန္ဓာ
ကား ရုပ်ထက်ပင် အပျက်မြန်
မရဏမီး လောင်ခံရမှု များပါသေးသည်။

ရောဂါဖြစ်နေသော
ရွာကြီး
ဤနေရာ၌ ဥပမာတစ်ခုကို
စဉ်းစားကြစို့၊ ရွာအိုကြီး တစ်ရွာဝယ်
ကူစက်တတ်သော အနာရောဂါဆိုး
ဖြစ်နေ၏၊ လူတွေကား တစ်ယောက်ပြီး
တစ်ယောက် သေနေကြသည်၊
ထိုအတွင်းမှာ ကိုယ်ဝန်အရင့်အမာ
တွေလည်း ဖွားမြင်နေကြသေး၏၊
မီးဖွားပြီးသည်နှင့် တစ်ပြိုင်နက်
အချို့ မိခင်များနှင့် ကလေးများလည်း
ထိုကူးစက်သော ရောဂါကြောင့်
ပျက်စီးကြ၏၊ တချို့လည်း ကိုယ်ဝန်
အရင့်အမာနှင့် မီးဖွားချိန် နီးနေပြီ၊
ဆွေတွေ မျိုးတွေ အတော်များစွာ
သေပြီးနောက် ထိုရောဂါကူးစက်
လျက် ကျန်နေသေးသော တချို့
ဆွေမျိုးများကို မိမိကိုယ်တိုင် ရောဂါ
ဖြစ်လျက် မြင်နေရသော လူတစ်ယောက်
သည် အဘယ်သို့ စိတ်ဖြစ်ရှာမည်နည်း၊
ဒုက္ခတွေ ဗလောင်ဆူနေသော ဤ
ရွာကြီးကို လည်းကောင်း, ကျန်နေသေး
သော ဆွေမျိုးတွေကို လည်းကောင်း,
မိမိ၏ ကိုယ်ခန္ဓာကိုလည်းကောင်း, မျှော်
လင့်ချက်ရှိနိုင်ဦးမည်လော၊ ခင်မင်တွယ်
တာ သာယာနိုင်ပါဦးမည်လော။
ကမ္မဋ္ဌာန်းအားထုတ်လျက်
တရားပေါက်ခါနီးသူ, တရားပေါက်၍
အရိယာဖြစ်နေသူတို့သည် မိမိတို့
ခန္ဓာကိုယ်ပေါ်မှာ တစ်ခါတစ်ရံ ကမ္မဋ္ဌာန်း
စိတ်ဖြင့် ဆင်ခြင်ကြည့်သောအခါ
ယခုပြခဲ့သော ဥပမာသည် အကြမ်းစား
သာ ဖြစ်သေး၏၊ ဤခန္ဓာကိုယ်၌ ဇာတိမီး
အစ မရဏမီး အဆုံးရှိသော မီးများအပြင်
အချိန်ရှိသမျှ ခဏတိုင်းပျက်နေသော
ရုပ်နာမ်ခန္ဓာတို့၏ ပျက်နေပုံကို မြင်နေကြ
သော ယောဂီပုဂ္ဂိုလ်တို့အား တစ်ကိုယ်လုံး
ဒုက္ခမီးတွေ လောင်နေပုံကို မြင်ကြသဖြင့်
ရရှိဆဲ ခန္ဓာကိုယ်ကိုလည်း မနှစ်သက်
မတွယ်တာနိုင်ကြချေ၊ နောင်ရဦးမည့်
ခန္ဓာကိုယ်ကိုလည်း မမျှော်လင့် မတောင့်
တကြတော့ပေ၊ မလွှဲသာ၍ ဖြစ်နေသော
ဤရုပ်နာမ်ခန္ဓာကိုယ်၌ပင် ငြီးငွေ့လေပြီ၊
သူတို့ အလိုဆန္ဒ ဖြစ်နေကြသည်ကား
ဤ ရုပ်နာမ်အားလုံးကို အပြီးသတ်
ကုန်ဆုံးစေလိုခြင်းပင်တည်း။

Monday, September 10, 2012

သမုဒယသစ္စာ ရှင်းလင်းချက်

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"

ဒသမကျမ်းစာ
အနာဂတ်သာသနာရေး
စာအုပ်မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ဒုက္ခတွေသည် အကြောင်းမဲ့သက်သက်
ဖြစ်ရသည် မဟုတ်၊ ဗြဟ္မာမင်း စသူတို့ ဖန်ဆင်း
မှုကြောင့် ဖြစ်ရခြင်းလည်း မဟုတ်၊ "သမုဒယ"ဟု
ခေါ်သော တဏှာ လောဘကြောင့်သာ ဖြစ်ရသည်။
ချဲ့ဦးအံ... သတ္တ၀ါတို့၌ ကိုယ့်ကိုယ်ကို နှစ်သက်တွယ်
တာမှု (တဏှာ)သည် လွန်စွာအားကြီး၏၊ "သူများကို
ချစ်ပါသည်" ဟု ဆိုသော်လည်း ထိုအချစ်ခံရသူက
ကိုယ့်အလိုကို ဖြည့်ပေးခြင်း, ကိုယ့်မှာရှိသော တဏှာ၏
အလိုမကျ ဖြစ်နေခြင်းကြောင့် သူ့ကို ချစ်ရခြင်း ဖြစ်သည်။
မိဘက သားသမီးကို ချစ်သည်ဟု ဆိုရာ၌ သားသမီးတို့ကို
ကြည့်နေရလျှင် ကိုယ့်သန္တာန် တဏှာသည် သာသာယာယာ
ရှိ၏၊ ထို့ကြောင့် မိဘက သားသမီးကို ချစ်၏၊ ထိုချစ်ပါသည်
ဟု ဆိုရသော သားက သမီးက ကိုယ့်နာမည် ပျက်အောင်
ကိုယ့်စီးပွား ဆုတ်ယုတ်အောင် လုပ်လိုက်လျှင် ထိုသားအပေါ်
သမီးအပေါ် ၌ အချစ်လျော့သွား၏၊ ကြပ်ကြပ် အပြစ်ပြုသော
အခါ ထိုသား သမီးကိုပင် မုန်းလာသည်၊ (သား သမီးအပေါ်
တဏှာချစ် ကင်း၍ ဒေါသဖြစ်လာသည်)ဟု ဆိုရသည်၊
သမီး ခင်ပွန်း အချင်းချင်း ချစ်ကြခြင်း မုန်းကြခြင်းများလည်း
ဤနည်းနှင်နှင်တည်း၊ အမှန်မှာ"အတ္တသမံ ပေမံ နတ္ထိ=
ကိုယ့်ကိုယ်ကို ချစ်ခြင်းနှင့် တန်းတူသော ချစ်ခြင်းမရှိ"ဟူ
သာ မှတ်ပါ။

ဘ၀သစ်ကို
ဖြစ်စေသော တဏှာ

ပြခဲ့သော နည်းအရ ကိုယ့်ကိုယ်ကိုသာ နှစ်နှစ်ကာကာ
ချစ်ခြင်းဖြင့် တစ်ဘ၀လုံး ချစ်၍နေခဲ့လေရာ သေခါနီး
လတ်သော် လက်ရှိ ချစ်စရာအာရုံဟူသမျှ စွန့်လွှန်ရ
တော့မည့်အရေးကို မျှော်တွေးစပြုကာ လွန်စွာ
ဒုက္ခရောက်ကြရ၏၊ ချစ်စရာတွေသာမက ချစ်စရာအား
လုံး၏ အရင်းဆုံးဖြစ်သော မိမိခန္ဓာကိုယ်သော်မှ
စွန့်လိုက်ရတော့မည့်အရေးကို တွေးမိကြ၏၊ ဤသို့ေ
တွေး၍ ကြောက်နေရုံနှင့် မပြီးသေး၊ နောက်ဆုံး
စုတေချိန်မှာ မလွှတ်ချင့် လွှတ်ချင်နှင့် ဤခန္ဓာကိုယ်
ကို လွှတ်ရတော့မည့် အခြေသို့ ရောက်လေသော်
ဤခန္ဓာကိုယ်၌ တွယ်တာမှုတဏှာပြတ်၍ အသစ်
ထပ်မည့် ခန္ဓာကိုယ်ပေါ်ဝယ် (သေတော့မည့်ဆဲဆဲ
ကနေ၍) မှန်းမျှော်တွယ်တာပါလေတော့သည်၊
ဤသို့လျှင် ဤဘက်သေခါနီးဆဲဆဲက နေ၍လည်း
ဘ၀သစ် ခန္ဓာကိုယ်အပေါ်ဝယ် မှန်းမျှော် တွယ်တာ
လျက်ရှိခြင်း, ကုသိုလ်ကောင်းမှု ပြုစဉ်တုန်းကလည်း
ဘ၀အသစ်၌ ကောင်းကောင်း ဖြစ်နိုင်ဖို့ရာ မသိမသာ
ဖြစ်စေ "လူ့ချမ်းသာ ဖြစ်ရပါလို၏" စသည်ဖြင့်
ဆုတောင်းသူအတွက် (သိသိသာသာဖြစ်စေ)
တွယ်တာ တမ်းတ မှန်းဆလျက် ရှိနေခြင်းကြောင့်
ကံအားလျော်စွာ (ကံအစွမ်းကြောင့်) ဘ၀သစ်၍
ဇာတိ အသစ် ဖြစ်ပေါ်ရလေသည်။
အကုသိုလ်ကံ အကျိုးပေးခံရမည့်သူများလည်း
(ပင်လယ်ထဲ ရေနစ်ရာမှ ပေါ်အလာဝယ် ဆွဲမိဆွဲရာ
ဆွဲတတ်၍ မိချောင်းကြီးများပင် ဖြစ်သော်လည်း
ပထမသော် ဖက်မိကြသကဲ့သို့) ထို့အတူ သေခါနီး
၌ မကောင်းဆိုးဝါး ဖြစ်တော့မည့် အနာဂတ်
ခန္ဓာကိုယ်ကိုသော်လည်း လက်ရှိခန္ဓာကိုယ်
လွှတ်ခါနီး၌ တဏှာဖြင့် လှမ်းမျှော်၍ ဖက်မိပါသေး
သည်၊ ဤသို့လျှင် ကံကြောင့် ဘ၀သစ်၌ ဖြစ်ရသော်
လည်း တဏှာ၏ တောင့်တမှုကြောင့်သာ ဖြစ်ရသည်၊
တဏှာကုန်ခန်းသော ရဟန္တာတို့မှ ကံတွေအပြည့်
ရှိသော်လည်း ဘ၀သစ်မဖြစ်တော့သဖြင့် ဘ၀သစ်ကို
ဖြစ်စေတတ်သူ လက်သည်ကိုရှာသောအခါ ဤ
တဏှာ့ အပေါ်မှာသာ သတ္တုကျတော့၏၊ ထို့ကြောင့်
သမုဒယတဏှာကို "ဘ၀အသစ်ကို ပြုလေ့ရှိသည်"
ဟု မိန့်တော်မူသည်။

တဏှာသုံးမျိုး
ကာမတဏှာဟူသည် ယခုလူတို့၌ ဖြစ်ရိုးဖြစ်စဉ်
ကာမဂုဏ်အာရုံတွေကို (သား သမီးနှင့်ပစ္စည်းဥစ္စာ
စသည်ကို) တွယ်တာသော တဏှာတည်း၊ ဤဘဝ
ခန္ဓာကိုယ်ကို မြဲ၏ဟု ယူဆနေသော ဒိဋ္ဌိသည်
'သဿတဒိဋ္ဌိ' မည်၏၊ ထိုဒိဋ္ဌိကိုပင် "ဘ၀ဒိဋ္ဌိ" ဟု
ခေါ်၏၊ ထိုဘ၀ဒိဋ္ဌိနှင့် အတူဖြစ်သော တဏှာသည်
ဘ၀တဏှာ မည်၏၊ ဤဘ၀ခန္ဓာကိုယ်ကိုပင်
"သေလျှင် ပြတ်၏"ဟု ယူဆသော ဒိဋ္ဌိသည်
ဥစ္ဆေဒဒိဋ္ဌိ မည်၏၊ "၀ိဘ၀ဒိဋ္ဌိ"လည်း ခေါ်၏၊
ထိုဝိဘ၀ဒိဋ္ဌိနှင့်အတူဖြစ်သော တဏှာသည်
ဝိဘ၀တဏှာ မည်၏၊ ထိုတဏှာကို အရင်းခံ၍
ကောင်းကောင်း ဆိုးဆိုး ကံအမျိုးမျိုးကို ပြုမိ
ကြပြန်ရာ ထိုကံကြောင့် ဘ၀သစ်၌ ဇာတိ
ဖြစ်ရပြန်၏၊
ဇာတိရှိလျှင် ဇရာ ဗျာဓိ မရဏဒုက္ခတို့လည်း
ဖြစ်ရသောကြောင့် ဇာတိဒုက္ခ စသည်၏
အကြောင်းရင်းသည် ဤတဏှာ သမုဒယ
ပင်တည်း၊ တဏှာကြောင့် ချစ်သူဟူ၍ ရှိရ,
ထိုချစ်သူနှင့် ကွဲ၍ ဒုက္ခရောက်ရ, တဏှာ
ကြောင့် ဟိုဟာ သည်ဟာ လိုချင်ရ, လိုချင်၍
မရသောကြောင့် ဒုက္ခရောက်ရ, တဏှာကြောင့်
ဤခန္ဓာကိုယ်အသစ် (ဥပါဒါနက္ခန္ဓာ)ကို ရရှိရ,
ထိုဥပါဒါနက္ခန္ဓာကို ရသောကြောင့် ဒုက္ခအမျိုးမျိုး
ရောက်ရ၊ ဤသို့ စသည်ဖြင့် ဒုက္ခအားလုံး၏
အရင်းခံ တဏှာကို "သမုဒယသစ္စာ" ဟု
ဟောတော်မူပေသည်။

Sunday, September 9, 2012

ဒုက္ခသစ္စာ

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"

ဒသမကျမ်းစာ
အနာဂတ်သာသနာရေး
စာအုပ်မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ဒုက္ခသစ္စာ
ဘိက္ခုတို့ ... ယခုပြမည့် တရားသည် "ဒုက္ခ"ဟု
ခေါ်အပ်သော အရိယသစ္စာတည်း၊ ပဋိသန္ဓေ
နေရခြင်းလည်း ဒုက္ခ, အိုရခြင်းလည်း ဒုက္ခ,
နာရခြင်းလည်း ဒုက္ခ, သေရခြင်းလည်း ဒုက္ခ,
မုန်းသူတို့နှင့် အတူနေရခြင်းလည်း ဒုက္ခ,
ချစ်သူတို့နှင့် ကွေကွင်းရခြင်းလည်း ဒုက္ခ,
လိုတာမရခြင်းလည်း ဒုက္ခ, အချုပ်အားဖြင့်ကား
(ဥပါဒါန်ဟု ခေါ်ရသော တဏှာ, ဒိဋ္ဌိတို့၏
အာရုံဖြစ်သော) ဤ ခန္ဓာတစ်ကိုယ်လုံး
ဒုက္ခတုံးကြီး ဖြစ်သည်။

ဒုက္ခသစ္စာရှင်းလင်းချက်
(ဒုက္ခ=ဆင်းရဲတာ+သစ္စာ=အမှန်)
စိတ်မှာ ဖြစ်စေ, ကိုယ်မှာ ဖြစ်စေ ဆင်းရဲနေတာ
အမှန်သည်ကို "ဒုက္ခသစ္စာ"ဟု ခေါ်၏၊ ထိုသို့
ဒုက္ခမှန်ကြောင်းကို ထိုးထိုးထွင်းထွင်း ရှင်းလင်း
စွာသိသောအခါ အရိယာဖြစ်ရသောကြောင့်
"'ဒုက္ခအရိယာသစ္စာ" ဟုလည်း ခေါ်ရသည်၊
လောက၌ အမိဝမ်းတိုက်ဝယ် ပဋိသန္ဓေနေရ
သည်မှ စ၍ ဖွားမြင်ရသည်အထိ ဒုက္ခရောက်
ရပုံသည် မှန်းဆ၍ ကြည့်ခြင်းအားဖြင့်လည်းကောင်း,
ဖွားမြင်သောအခါ မျက်မြင် ကိုယ်တွေ့အားဖြင့်
လည်းကောင်း, ထင်ရှား၏။ ထိုဒုက္ခသည်
ဇာတိဒုက္ခ မည်၏။ အိုမင်းမစွမ်းသောအခါ
ဒုက္ခဖြစ်ပုံသည် ဇရာဒုက္ခတည်း၊ နာကျင်ကိုက်ခဲ
မှုမှ စ၍ သေသည့်တိုင်အောင်ပင် ရောဂါဖြစ်နေ
ရသော ဒုက္ခသည် ဗျာဓိဒုက္ခတည်း။

သေခါနီး၌ ထင်လာသော အာရုံကို "နိမိတ်"ဟု
ခေါ်၏၊ ဘ၀ အသစ် ဖြစ်ဖို့ရန် နိမိတ်တစ်မျိုးမျိုး
ထင်လာသောအခါ ယုတ်မာသူတို့သည်
မကောင်းနိမိတ် ထင်လာ၍ လွန်စွာဆင်းရဲကြရ၏၊
တချို့မှာ ညည်းညူကြ, ဟစ်အော်ကြ,
ယောင်ယမ်းကြ၏၊ သူတော်ကောင်းဖြစ်၍
နိမိတ်ကောင်းများ ထင်လာစေကာမူ
ဘ၀ဟောင်းက ဆွေမျိုး ဥစ္စာ အရာရာနှင့်
ခွာရတော့မည် ဖြစ်၍ စိတ်ဆင်းရဲကြသေး၏
ဤဒုက္ခသည် မရဏဒုက္ခတည်း။

ဤဇာတိ ဇရာ ဗျာဓိ မရဏတို့နှင့် ကင်း၍
ကျန်းကျန်းမာမာ နေတုန်းမှာလည်း သားဆိုး,
သမီးဆိုး ဆွေဆိုး မျိုးဆိုး အပေါင်းအသင်း
မိတ်ဆွေဆိုး အခိုင်းအစေ အခြွေအရံဆိုး
အိမ်ထောင်ဘက်ဆိုးတို့နှင့် တွေ့ရသောကြောင့်
ဒုက္ခ, မိမိကို မုန်းတီး၍ ရန်ရှာနေသူများကြောင့်
တွေ့ရသော ဒုက္ခသည် -
အပ္ပိယေဟိသမ္ပယောဂ=မချစ်အပ်သူတို့နှင့်
ပေါင်းရသော ဒုက္ခများတည်း၊ ချစ်သူတို့နှင့်
အသက်ရှင်ခိုက် ကွဲနေရ, သေကွဲ ကွဲရသော
ဒုက္ခသည် ပိယေဟိဝိပ္ပယောဂ ဒုက္ခ မည်၏၊
ထိုဒုက္ခတို့မှ ကင်းပါသည်ဟု ဆိုရသူတို့မှာလည်း
လိုတာကို မရနိုင်သော "ယံ ပိစံ္ဆ န လဘတိ
တံ ပိ ဒုက္ခံ" ကို ခံကြရသေးသည်။

ဒုက္ခအားလုံး၏ အခြေခံ
(ခန္ဓာကိုယ်ကို "ဥပါဒါနက္ခနာ" ဟု
လွယ်လွယ် မှတ်ထားပါ၊) အားလုံး ဒုက္ခတွေ၏
အခြေခံသည် ဤခန္ဓာကိုယ်ပင်တည်း၊ ထို့ကြောင့်
"သံခိတ္တေနပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ=အကျဉ်းအား
ဖြင့် ဤခန္ဓာကိုယ်တစ်ခုလုံး ဒုက္ခတုံးသာ ဖြစ်၏"
ဟု ဟောတော်မူသည်၊ မှန်၏၊
"မောင်ဋ္ဌေးမည်သော ခန္ဓာကိုယ် ရှိနေလို့သာ
မောင်ဋ္ဌေး ဖြစ်ရ, မောင်ဋ္ဌေးအို-အိုရ, မောင်ဋ္ဌေးနာ
-နာရ, မောင်ဋ္ဌေးသေ-သေရ, မောင်ဋ္ဌေးချစ်သူတို့
နှင့် ကွဲရ, မောင်ဋ္ဌေး မုန်းသူတို့နှင့် အတူနေရ,
မောင်ဋ္ဌေး လိုတာ မရ၍ ဒုက္ခဖြစ်ရသည်။"
"မောင်ဋ္ဌေး မရှိလျှင် မောင်ဋ္ဌေး ဖြစ်-မဖြစ်ရ,
မောင်ဋ္ဌေး အို-မအိုရ, မောင်ဋ္ဌေးနာ-မနာရ,
မောင်ဋ္ဌေးသေ-မသေရ, မောင်ဋ္ဌေးချစ်သူနှင့်
မကွဲရ, မောင်ဋ္ဌေး မုန်းသူနှင့် အတူမနေရ,
မောင်ဋ္ဌေး လိုတာမရှိ၍ ဒုက္ခအားလုံး မရှိတော့
ပါတကား။"

ဓာတ်ကြီး ၄-ပါး သဘော

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"

အမှတ်(၃၆)ကျမ်းစာ
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ
မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ဓာတ်ကြီး ၄-ပါး သဘော
မည်သူမျှ ပြုပြင်ပြောင်းလွှဲ၍ မရဘဲ သူ့သဘော
အတိုင်း ဖြစ်နေသည်ကို ပါဠိလို "ဓာတု" မြန်မာ
လို "ဓာတ်" ဟု ခေါ်၏၊(အတ္တနော သဘာဝံ-
မိမိသဘောကို၊ ဓာရေတိ- ဆောင်တတ်၏၊ ဣတိ-
ထို့ကြောင့်၊ ဓာတု- ဓာတ်မည်၏) ထိုဓာတ်သည်
ပါဠိလို "ပထ၀ီ, အာပေါ, တေဇော, ၀ါယော"ဟု
၎-မျိုးရှိ၏၊ မြန်မာလို "မြေ, ရေ, လေ, မီး" ဟု
ခေါ်၏၊ ထို ၄-ပါးတွင် ---
ပထ၀ီ (မြေ)။    ။ ပကတိ မြေကြီးသည်
အမာခံ ဖြစ်သကဲ့သို့ ပထ၀ီဓာတ်ဟူသော မြေ
လည်း ကက္ခဠ(ခိုင်မြဲ မာခြင်း) သဘော ရှိ၏။
အာပေါ (ရေ)။    ။ ပကတိ ရေသည် မုန့်
မှုန့် မြေမှုန့် စသည်ကို ဖွဲ့စည်းသကဲ့သို့ အာပေါ
ဓာတ်ဟူသော ရေလည်း အတူဖြစ်သော ရုပ်ခု
နှစ်ပါးကို ကျဲ၍မနေအောင် စုစည်းခြင်းသဘော
ရှိ၏၊ ထိုအာပေါဓာတ်သည် လွန်ကဲများလာသော
အခါ ရေသဘောဖြစ်၍ ယိုခြင်း စီးသွားခြင်း
သဘောရှိ၏။
တေဇော (မီး)။    ။ ပကတိ မီးသည် ပူသကဲ့
သို့ ကြေကျက်စေသကဲ့သို့ ဆန်ကို ထမင်းဖြစ်အောင်
နုညံ့စေသကဲ့သို့, တေဇောဓာတ်ဟူသော မီးလည်း
အပူသဘောဖြစ်၏၊ ရင့်ကျက်စေ၏, နုညံ့စေ၏၊
(သီတတေဇော၌ အအေးငွေ့လည်း ဖြစ်၏၊) ("သီတု
ဏှောတု သမညတာ တေဇောဓာတု"- သင်္ဂဟ။)
ဝါယော (လေ)။    ။ ပကတိ လေသည် ပင့်
မြှောက်နိုင်, ယိမ်းယိုင်သွားအောင် လှုပ်စေနိုင်သကဲ့
သို့, ၀ါယောဓာတ်ဟူသော လေလည်း အတူဖြစ်ဘက်
ရုပ်တို့ကို ကျဲ၍မနေစေဘဲ ပူးကပ်ကျပ်နေအောင်
တွန်းပေးတတ်၏၊ ထို ၀ါယောဓာတ်၏ အစွမ်းကြောင့်
တစ်ခါတစ်ရံ ရုပ်တို့သည် နေရာရွေ့၍ ဖြစ်ကြရ၏၊
ဤသို့ ဓာတ်ကြီး ၄-ပါးသည် မိမိသဘောအတိုင်းသာ
ဖြစ်ကြ၏၊ မိမိသဘောကို ဖြစ်တိုင်း ဖြစ်တိုင်း
ဆောင်နေကြသည်။

ခန္ဓာကိုယ်နှင့် အမွှန်းတင်
အပြင် သြကာသလောက၌ ပထ၀ီ(မြေ)ဓာတ်,
အာပေါ(ရေ)ဓာတ်, ၀ါယော(လေ)ဓာတ်, တေဇော
(မီး)ဓာတ်, ဤဓာတ်ကြီး ၄-ပါးသည် အလွန်ထင်ရှား
၍ အထည်ကိုယ် အမာခံရုပ်များ ဖြစ်သကဲ့သို့,
ထို့အတူ အတွင်းသတ္တလောက (သတ္တ၀ါဟူသမျှ)၌လည်း
ဤဓာတ် ၄-ပါးပင် အထည်ကိုယ် အမာခံဖြစ်သည်၊
ပင်ကိုယ်ရုပ်တစ်ခုသည် မျက်စိဖြင့်မမြင်နိုင်လောက်
အောင် မှုန်မွှားသေးငယ်၏၊ ဓာတ်ကြီး ၄-ပါးအပြင်
ဝဏ္ဏ(အဆင်း)ရုပ်, ဂန္ဓ(အနံ့)ရုပ်, ရသ(အရာသာ)ရုပ်,
သြဇာ(အဆီ အနှစ်)ရုပ်, ဤ ၄-ပါးသည် မျက်စိဖြင့်
မြင်ရ, နားဖြင့် ကြားရ, နှာခေါင်းဖြင့် မွေးရ နံရ,
လျှာဖြင့် အရသာခံရ, ခန္ဓာကိုယ်၌ အဆီသြဇာကြောင့်
ရုပ်တစ်မျိုးကို ဖြစ်စေတတ်သောကြောင့် ထင်ရှားကြ
ပေ၏၊ သို့သော် ဓာတ် ၄-ပါးကဲ့သို့ အမာခံ မဟုတ်ကြ၊
ဓာတ်ကြီး ၄-ပါးကို မှီ၍သာဖြစ်ရသော အမွှန်းတင်ရုပ်
များ ဖြစ်ကြသည်၊ သူတို့ချည်းသက်သက် မဖြစ်နိုင်ကြ။

ရုပ်ကလာပ်
"ကလာပ- ကလာပ်" ဟူသော စကားသည် အစု
အပေါင်းဟူသော အနက်အဓိပ္ပာယ်ရှိ၏၊ ဓာတ်ကြီး
၎-ပါးနှင့် ၀ဏ္ဏ, ဂန္ဓ, ရသ, သြဇာတို့သည် ခွဲ၍မရ၊
အမြဲတွဲ၍သာ ဖြစ်ကြရ၏၊ ထို ပေါင်းစပ်နေသော
ရုပ်ရှစ်ပါးကို အဋ္ဌကလာပ်ရုပ် (ရှစ်ခုသော ရုပ်အပေါင်း)
ဟု ခေါ်၏။ ထို ရုပ်ကလာပ်ရှစ်ပါးသည် ကံကြောင့်,
စိတ်ကြောင့်, ဥတုကြောင့်, အဟာရကြောင့် ဖြစ်ကြရ
ကား ကမ္မဇကလာပ်, စိတ္တဇကလာပ်, ဥတုဇကလာပ်,
အာဟာရဇကလာပ်,ဟု ရုပ်ကလာပ် ၄-မျိုး ကွဲပြား၏၊
(ဥတုဟူသည် တေဇောဓာတ်, အဟာရဟူသည်
သြဇာရုပ်။)

သတ္တိ လွန်ကဲပုံ
ရုပ်ရှစ်ပါးပေါင်းနေသော အဋ္ဌကလာပ်ရုပ်သည်
စိတ်ကြောင့်ဖြစ်ရသောအခါ စိတ်၏အလိုအတိုင်း
ပထ၀ီဓာတ်, အာပေါဓာတ်တို့၏ အစွမ်းသတ္တိ
လွန်ကဲသည်လည်းရှိ၏၊ တေဇော ၀ါယောဓာတ်
တို့က အစွမ်းသတ္တိ လွန်ကဲသည်လည်းရှိ၏၊
"လွန်ကဲ" ဟူရာ၌ အထည်ကိုယ်၏ ကြီးလာခြင်း
မဟုတ်, သတ္တိ၏ သာလွန်ခြင်းသာ ဖြစ်၏၊
တစ်ရံတစ်ခါ စိတ်၏အလိုအတိုင်း ထိုရုပ်ကလာပ်
တွင် "၀ိညတ်" ဟု ခေါ်အပ်သော အခြင်းအရာ
တစ်မျိုးလည်း ပါဝင်၏၊ ထိုဝိတ်ညတ်ကြောင့်
စိတ်ကသွားလိုလျှင် ရုပ်ကလာပ်သည် ရှေ့သို့
တိုး၍တိုး၍ ဖြစ်ရ၏၊ ဤ "၀ိညတ်" ဟု ခေါ်အပ်
သော ရုပ်သည်လည်း အကောင်အထည်
အထင်အရှား မဟုတ်၊ စိတ်၏ထူးခြားသော
အမူအရာ အခြင်းအရာတစ်မျိုးသာ ဖြစ်သည်။

Thursday, September 6, 2012

ရုပ်နာမ်ခန္ဓာ

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"

အမှတ်(၃၆)ကျမ်းစာ
နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓ
မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ရုပ်နာမ် ခန္ဓာ
ပထ၀ီ, အာပေါ, တေဇော, ၀ါယော(မြေ,ရေ,မီး,လေ)
ဟူသော အထည်ကိုယ် အမာခံရုပ်ကြီး ၄-ပါးနှင့်
ဝဏ္ဏ(အဆင်း), ဂန္ဓ(အနံ့), ရသ(အရသာ), သြဇာ(အစာ
အဟာရတို့၌ပါသော အဆီအနှစ်) ဤရုပ်ရှစ်ပါး အနည်း
ဆုံးစုမိမှ ကလာပ်(ရုပ်အစု)တစ်ခုဖြစ်၏။ ဤကဲ့သို့ ရုပ်
ကလာပ်တို့သည် ခန္ဓာကိုယ်၌ မရေမတွက်နိုင်အောင်
များ၏။
လောဘ ဒေါသ မောဟ မာန(အထင်ကြီးမှု), ဣဿာ
(မနာလိုမှု), မစ္ဆရိယ(၀န်တိုမှု), ဒိဋ္ဌိ(အယူမှားမှု),
ဝိစိကိစ္ဆာ(ယုံမှားသံသယဖြစ်မှု)စသော မကောင်းသော
စေတသိက်များနှင့် အတူတွဲ၍ဖြစ်သော စိတ်ကို
အကုသိုလ်စိတ်ဟု ခေါ်၏၊ အလောဘ, အဒေါသ,
အမောဟ, သဒ္ဓါ, ပညာ, သတိ, မေတ္တာ, ကရုဏာ,
မုဒိတာ(သူချမ်းသာသည်ကို ၀မ်းမြောက်မှု) စသော
စေတသိက်များနှင့် တွဲဘက်၍ဖြစ်သော စိတ်ကို
ကုသိုလ်စိတ်ဟု ခေါ်၏။
ထိုထိုကိစ္စ၌ အားထုတ်သော ၀ီရိယ, အာရုံတစ်ခုပေါ်၌
အတော်ကြာအောင် တည်ငြိမ်နေသောသမာဓိသည်
အကုသိုလ်ဘက်၌လည်းပါ၏၊ ကုသိုလ်ဘက်၌လည်း
ပါ၏။ ၀ိပါက်စိတ်တို့သည် ကုသိုလ် အကုသိုလ် ကံ၏
အကျိုးတရားတို့သာ ဖြစ်ကြ၏။ ကြိယာစိတ်တို့လည်း
များသောအားဖြင့် ရဟန္တာသန္တာန်၌သာ ဖြစ်နိုင်ကြ၏၊
ထို စိတ်စေတသိက် အားလုံးကို "နာမ်" ဟုခေါ်၏။
ဤရုပ်နာမ် ၂-ရပ် ပေါင်းစပ်နေသည်ကို "ခန္ဓာကိုယ်"
ဟု ခေါ်၏။ ထို ခန္ဓာကိုယ်ကိုပင် ပုဂ္ဂိုလ်, သတ္တ၀ါ, သူ,
ငါ, ဟု ခေါ်ကြသည်။

အ၀ိဇ္ဇာနှင့် တဏှာ
အရင်းခံ
ပြအပ်ခဲသော နာမ်တရားတို့တွင် အမှန်ကို မသိအောင်
ဖုံးကွယ်တတ်သော မောဟကို "အ၀ိဇ္ဇာ"ဟု ခေါ်၏၊
အ၀ိဇ္ဇာက ဖုံးကွယ်၍ထားသောကြောင့် အပြစ်ကိုမမြင်
နိုင်ဘဲ လိုချင်မှု လောဘဖြစ်ရ၏။ ထိုလောဘကို "တဏှာ"
ဟုလည်းကောင်း, တပ်မက်မှု တဏှာကိုပင် "ရာဂ" ဟု
လည်းကောင်း ခေါ်၏၊ ဤရုပ်နာမ် ခန္ဓာကိုယ်၏ အရင်းခံ
သည် အ၀ိဇ္ဇာနှင့် တဏှာပင်တည်း၊ ထို အ၀ိဇ္ဇာနှင့် တဏှာ
ကြောင့် ရုပ်နာမ်ခန္ဓာကို အပြစ်မမြင်ဘဲ လိုချင်နေသည့်
အတွက် ထိုထိုကံကိုပြု၍ ဘ၀အဆက်ဆက်၌ ဆက်ကာ
ဆက်ကာ ဖြစ်နေသော ရုပ်နာမ်ခန္ဓာ ဖြစ်ရ၏၊ ထို့သို့
တစ်ဘ၀ပြီး တစ်ဘ၀ ဆက်ကာဆက်ကာ ဖြစ်နေရခြင်းကို
ပင် "သံသရာလည်ခြင်း" ဟုခေါ်ရ၏၊ သတ္တ၀ါတစ်ယောက်၏
သံသရာသည် အစမထင်ရှားအောင်ပင် ကြာမြင့်ခဲ့ကြပြီ။

သံဝေဂ၀တ္ထု ရှစ်ပါး
ရုပ်နာမ်ခန္ဓာ သံသရာသည် အစမထင်ရှားအောင် ကြာခဲ့ပါ
သော်လည်း ထိုသံသရာအတွင်း၌ ချမ်းသာသုခနှင့် ကျင်
လည်ခဲ့ရကြသည် မဟုတ်ပါ၊ လူ့ဘ၀၌ဖြစ်သောအခါ
အမိဝမ်းခေါင်း ကျဉ်းကျဉ်းမြောင်းမြောင်း မှောင်မှောင်မဲမဲ
ထဲ၌ အလွန်သေးငယ်သော ရုပ်ခန္ဓာကလေးမှ စ၍
တစ်ဖြေးဖြေး ကြီးရင့်ကာ ဆယ်လညောင်းအောင် အောင်း
ခဲ့ရ၏၊ မိခင်ရော သူငယ်ပါ သေရေး ရှင်ရေး စိတ်မအေး
လောက်အောင် ဖွားမြင်ခဲ့ရ၏၊ ဤသို့"ဇာတိဒုက္ခ" ခုခေါ်
ရသော ဒုက္ခအမျိုးမျိုးကို ခံစားပြီး၍ ဖွားမြင်ပြီးသောအခါ
အိုရခြင်း နာရခြင်း သေရခြင်းဟူသော ဇရာဒုက္ခ ဗျာဓိဒုက္ခ
မရဏဒုက္ခတို့နှင့် ရင်ဆိုင်ရပြန်၏၊ ထို ဒုက္ခအမျိုးမျိုးကြောင့်
စိတ်ရောကိုယ်ပါ အေးချမ်းစွာ မနေနိုင်ကြ၊ ဤသို့ ဒုက္ခအမျိုး
မျိုးကို ခံးစား၍ သေသောအခါ အများစုက ငရဲ တိရစ္ဆာန်
ပြိတ္တာဘ၀၌သာ၍ ဆိုးဝါးသော ဒုက္ခကို ခံစားကြရ၏၊
ဤနည်းအားဖြင့် အတိတ်ဘ၀များစွာ သံသရာကလည်း
ဒုက္ခမျိုးစုံ အဖုံဖုံဖြင့် ကျင်လည်ခဲ့ရ၏၊ အရိယာ မဖြစ်သေးသမျှ
နောက်ဘ၀များစွာ သံသရာ၌လည်း ဒုက္ခမျိုးစုံဖြင့် ကျင်လည်
ကြရဦးမည်သာ၊ ထို ဒုက္ခအမျိုးမျိုးမှ လွတ်ခွင့်ရတုန်း အခိုက်
မှာလည်း စားဝတ်နေရေးအတွက် အစာရှာဖွေရသော ဒုက္ခ
တို့လည်း နည်းနည်းမဟုတ်ပါ၊ နေ့စဉ်တွေ့နေရသော ဒုက္ခပင်
ဖြစ်၏၊ အစာရှာရင်းပင် မင်းပြစ်စသော အပြစ်ကြောင့် အလွန်
ကြောက်ဖွယ်ကောင်းသော ဒုက္ခကို ခံရသေး၏၊ ထို့ကြောင့်
ဤပြခဲ့သော ဒုက္ခရှစ်ပါးကို သံသရာဝယ် ငြီးငွေ့သော
သံဝေဂဉာဏ် ဖြစ်ဖို့ရန် "သံဝေဂ၀တ္ထုရှစ်ပါး" ဟု
ဘုရားဟောတော်မူပါသည်။

ကမ္မဋ္ဌာန်းမှန်သမျှ
အ၀ိဇ္ဇာနှင့် တဏှာ
ကုန်ဖို့သာ

အ၀ိဇ္ဇာနှင့် တဏှာကြောင့် သံသရာဝယ် ဒုက္ခအမျိုးမျိုးဖြင့်
ကျင်လည်နေရပုံကို သိသောအခါ ထိုအ၀ိဇ္ဇာနှင့် တဏှာ
ကုန်အောင် ကြိုးစားရသောနည်းကို ရှာကြရ၏။ ထိုနည်း
ကို ဘုရားတစ်ဆူ ပွင့်တော်မူမှသာ ဘုရားဟောတောမူ၍
သိကြရ၏။ သမုဒြာသို့ ၀င်ဖို့ရန် ဆိပ်ကမ်းများစွာရှိသကဲ့သို့
သံသရာ၏ တစ်ဖက်ကမ်းဖြစ်သော နိဗ္ဗာန်သို့ ၀င်ရန်လည်း
ကမ္မဋ္ဌာန်းတည်းဟူသော ဆိပ်ကမ်းတွေ အများအပြားပင်
ရှိ၏။ ထိုကမ္မဋ္ဌာန်းကို အားထုတ်ရင်းပင် အ၀ိဇ္ဇာတဏှာတို့
နည်း၍နည်း၍ လာမှသာ ထိုကမ္မဋ္ဌာန်းလမ်းစဉ်သည် မှန်
သောလမ်းစဉ် ဖြစ်၏။ ကမ္မဋ္ဌာန်းအားထုတ်သော်လည်း
အ၀ိဇ္ဇာနှင့် တဏှာမနည်းလျှင် ကမ္မဋ္ဌာန်းသော်လည်း မှား
နေလိမ့်မည်၊ သို့မဟုတ် မိမိကသော်လည်း အ၀ိဇ္ဇာနှင့်
တဏှာနည်းလိုသောဆန္ဒ မရှိသောကြောင့် ဖြစ်လိမ့်မည်။
ကမ္မဋ္ဌာန်းနည်းမှန်၍ မိမိဆန္ဒက အ၀ိဇ္ဇာနှင့်တဏှာ ကုန်စေ
လိုလျှင်ကား ကမ္မဋ္ဌာန်းဟူသမျှသည် အ၀ိဇ္ဇာနှင့် တဏှာ
နည်းပါးရာမှ တစ်စတစ်စ ကုန်ဖို့သာဖြစ်သည်၊ ထို့ကြောင့်
ဤအချက်လည်း ကမ္မဋ္ဌာန်းအားထုတ်ရင်း တဏှာ နည်း-
မနည်းကို ကြည့်ရှုရန် တရားကြေးမုံ ထောက်မှန်ကြီး
ဖြစ်သည်ဟု မှတ်ပါ။

ကာယဂတာသတိ ကမ္မဋ္ဌာန်း
"ရဟန်းသည် မိမိကိုယ်ကာယကို အဖန်ဖန်ရှု၍သော်လည်း
နေရ၏" ဟု ဗုဒ္ဓမြတ်စွာ ဟောတော်မူ၏။ ထိုသို့ ဟောတော်
မူသည့်အတိုင်း ကိုယ်ကာယကို ရှုရာ၌ ဆံပင်, မွေးညှင်း,
ခြေသည်း, လက်သည်း, သွား, အရေစသော "ကာယဂတာ
သတိ" ဟုလည်း ခေါ်အပ်သော ကမ္မဋ္ဌာန်းသည် တစ်ပါးအပါ
အ၀င် ဖြစ်၏။ အရှင် အာနန္ဒာသည် ရဟန္တာဖြစ်ခါနီး၌ စင်္ကြံ
သွားရင်း "ကာယဂတာ သတိ" ကို နှလုံးသွင်းတော်မူ၏။
ခေမာထေရီအလောင်းဖြစ်သော မိဖုရားကိုလည်း "သတိ
ကာယဂတာ တျတ္ထု- အသင့်အား ကိုယ်ကာယ၌ဖြစ်သော
သတိကို ဖြစ်စေလော့"ဟု ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူ၏။

မထေရ် ၂ပါး
ကေသာ လောမာရွတ်၍
တရား ရပုံ
မလယအရပ်၌ နေသော "မဟာဒေ၀ထေရ်"၏ အထံ၌
ကမ္မဋ္ဌာန်းတောင်းလာသော မထေရ် ၂-ပါးတို့သည်
နိကာယ် ၂-ရပါ ၃-ရပ်ကို တတ်ကျွမ်းသူများ ဖြစ်ကြ၏။
သို့သော် ကမ္မဋ္ဌာန်းဆရာတော်သည် ထိုနိကာယ်ဆောင်
မထေရ် ၂-ပါးအား "ကေသာ လောမာ နခါ ဒန္တာ တစော"
စသော ကောဋ္ဌာသကမ္မဋ္ဌာန်းကို ၄-လပတ်လုံး ရွတ်အံ၍
နေကြရန် ပေးတော်မူ၏။ ထိုမထေရ် ၂-ပါးသည် ဆရာညွှန်
ပြသည့်အတိုင်း ၄-လပတ်လုံး "ကေသာ, လောမာ, နခါ
ဒန္တာ, တစော" စသောအားဖြင့် ရွတ်အံနေစဉ်ပင် ၃၂-ပါး
သော ကောဋ္ဌာသတို့ကို အလွန်ထင်မြင်လာရကား
သောတာပန် ဖြစ်ကြပါသည်၊ ဤမျှလောက်ထင်ရှားသော
ရှေးသူတော်ကောင်းများ အသုံးပြုလေ့ရှိသော ရှေးခေတ်က
ဘုန်းကြီးကျောင်းများဝယ် သင်ပြလေ့ရှိသော "ကာယဂတာ
သတိ" ဟုလည်း ခေါ်အပ်သော ဤကောဋ္ဌာသကမ္မဋ္ဌာန်းကို
တစောတိုင်အောင် အကျယ်ပြပါမည်။
ဆံပင်။    ။ ဦးခေါင်းအထက်၌ အရေအတွက် များစွာသော
ဆံပင်တို့သည် အဆင်းအားဖြင့်လည်းကောင်း, ပုံသဏ္ဍာန်
အားဖြင့် လည်းကောင်း, အနံအားဖြင့် လည်းကောင်း, ပေါက်ရာ
အရပ်အားဖြင့် လည်းကောင်း, အကြောင်းအားဖြင့်လည်းကောင်း,
မတင့်တယ်ကုန်, စက်ဆုပ်ဖွယ်ကောင်းကုန်၏။ ရွံရှာဖွယ်ကောင်း
ကုန်၏။ ဤ ဆံပင်တို့သည် ငါမဟုတ်, သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်,
သူ့ဥစ္စာလဲ မဟုတ်, အချိန်ရှိသ၍ ဖြစ်ပျက်နေသော ပထ၀ီဓာတ်
လွန်ကဲသော ရုပ်ကလာပ် အစုသာဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ
ဖြစ်ကြသည်တကား။
မွေးညှင်း။    ။ တစ်ကိုယ်လုံး၌ အနှံ့ပေါက်နေသော များစွာသော
မွေးညှင်းတို့သည် အဆင်းအားဖြင့် လည်းကောင်း, ပုံသဏ္ဍာန်
အားဖြင့် လည်းကောင်း, အနံ့အားဖြင့် လည်းကောင်း, ပေါက်ရာ
အရပ်အားဖြင့်လည်းကောင်း, အကြောင်းအားဖြင့်လည်းကောင်း,
မတင့်တယ်ကုန်, စက်ဆုပ်ဖွယ်ကောင်းကုန်၏၊ ရွံရှာဖွယ်ကောင်း
ကုန်၏။ ဤမွေးညှင်းတို့သည် ငါမဟုတ်, သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်,
သူ့ဥစ္စာလဲ မဟုတ်, အချိန်ရှိသ၍ ဖြစ်ပျက်နေသော ပထ၀ီဓာတ်
လွန်ကဲသော ရုပ်ကလာပ်အစုသာ ဖြစ်၍ အနိစ ဒုက္ခ အနတ္တ တို့သာ
ဖြစ်ကြသည်တကား။
ခြေသည်း လက်သည်း။    ။ လက်ဖျား ခြေဖျားတို့၌ နှစ်ဆယ်သော
လက်သည်း ခြေသည်းတို့သည် အဆင်းအားဖြင့် လည်းကောင်း,
ပုံသဏ္ဍာန်အားဖြင့် လည်းကောင်း, အနံ့အားဖြင့် လည်းကောင်း,
ပေါက်ရာအရပ်အားဖြင့် လည်းကောင်း, အကြောင်းအားဖြင့်
လည်းကောင်း, မတင့်တယ်ကုန်, စက်ဆုပ်ဖွယ်ကောင်းကုန်၏၊
ရွံရှာဖွယ် ကောင်းကုန်၏။ ဤလက်သည်း ခြေသည်းတို့သည်
ငါမဟုတ်, သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်, သူ့ဥစ္စာလဲ မဟုတ်,
အချိန်ရှိသ၍ ဖြစ်ပျက်နေသော ပထ၀ီဓာတ်လွန်ကဲသော ရုပ်ကလာပ်
အစုသာဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ ဖြစ်ကြသည် တကား။
သွား။    ။ သွားဖုံး၌ပေါက်သော သုံးဆယ့်နှစ်ချောင်းသော
သွားအပေါင်းတို့သည် အဆင်းအားဖြင့် လည်းကောင်း, ပုံသဏ္ဍာန်
အားဖြင့် လည်းကောင်း, အနံ့အားဖြင့် လည်းကောင်း, ပေါက်ရာအရပ်
အားဖြင့် လည်းကောင်း, အကြောင်းအားဖြင့် လည်းကောင်း, မတင့်
တယ်ကုန်, စက်ဆုပ်ဖွယ်ကောင်းကုန်၏၊ ရွံရှာဖွယ်ကောင်းကုန်၏။
ဤသွားအပေါင်းတို့သည် ငါမဟုတ်, သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်,
သူ့ဥစ္စာလဲ မဟုတ်, အချိန်ရှိသ၍ ဖြစ်ပျက်နေသော ပထ၀ီဓာတ်
လွန်ကဲသော ရုပ်ကလာပ်အစုသာဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ
ဖြစ်ကြသည်တကား။
အရေ။    ။ တစ်ကိုယ်လုံးဝယ် အသား၏အပေါ်၌တည်နေသော
အရေထူ အရေပါးအားဖြင့် နှစ်မျိုးပြားသော အရေသည် အဆင်း
အားဖြင့် လည်းကောင်း, ပုံသဏ္ဍာန်အားဖြင့် လည်းကောင်း, အနံ့
အားဖြင့် လည်းကောင်း, ဖြစ်ရာအရပ်အားဖြင့် လည်းကောင်း,
အကြောင်းအားဖြင့် လည်းကောင်း, မတင့်တယ်, စက်ဆုပ်ဖွယ်
ကောင်း၏။ ရွံရှာဖွယ်ကောင်း၏၊ ဤအရေတို့သည် ငါမဟုတ်,
သူမဟုတ်, ငါ့ဥစ္စာလဲ မဟုတ်, သူ့ဥစ္စာလဲ မဟုတ်, အချိန်ရှိသ၍
ဖြစ်ပျက်နေသော ပထ၀ီဓာတ် လွန်ကဲသော ရုပ်ကလာပ်အစုသာ
ဖြစ်၍ အနိစ္စ ဒုက္ခ အနတ္တ တို့သာ ဖြစ်ကြသည်တကား။

အဓိပ္ပာယ်ရှင်းလင်းချက်
တစပဉ္စက ကမ္မဋ္ဌာန်း
ဆံပင်, မွေးညှင်း, ခြေသည်း, လက်သည်း, သွား, အရေ,
ဤငါးပါးကို "တစပဉ္စက" ဟုခေါ်၏၊ (တစ- အရေအားဖြင့်
+ပဉ္စက- ငါးခုအပေါင်း၊) ဤငါးပါးကိုပင် ဤစာ၌ ရေးပြ
သည့်အတိုင်း နှုတ်တက်အောင် ကျက်၍ ကမ္မဋ္ဌာန်း
အားထုတ်ချိန်၌, သို့မဟုတ် အခွင့်ရသည့် အချိန်တိုင်း၌
ဖြေးဖြေးစဉ်းစား၍ ရွတ်ဆိုနေပါလျှင် "တပဉ္စက ကမ္မဋ္ဌာန်း"
ကို အားထုတ်ရာ ရောက်သောကြောင့် အဆင်း စသော
အားဖြင့် ဆံပင် စသည်တို့၏ စက်ဆုပ်ဖွယ်ကောင်းပုံကို
ရှင်းပြပါမည်။
(ဆံပင်၌ စက်ဆုပ်ဖွယ်) ဆံပင်တို့သည် အဆင်းအားဖြင့်
မည်းနက်သော အဆင်းရှိကုန်၏၊ ပုံသဏ္ဍာန်အားဖြင့်
ရှည်၍လုံးသော ပုံသဏ္ဍာန် ရှိကုန်၏၊ ထိရလျှင် ကြမ်း
သောကြောင့် စက်ဆုပ်ဖွယ်ကောင်းကုန်၏၊ အနံ့အား
ဖြင့် ဆီလိမ်းမှုစသည်ကို မပြုဘဲ ပင်ကိုယ်အတိုင်းဖြစ်
လျှင် အလွန်စက်ဆုပ်ဖွယ်ကောင်းကုန်၏၊ မီး၌ထည့်၍
အနံ့ခံလျှင် သာ၍ စက်ဆုပ်ဖွယ်ကောင်းသေး၏၊ ဆံပင်
တို့သည် သလိပ်, သည်းခြေ, သွေး, ပြည်, ကျင်ကြီး,
ကျင်ငယ်တို့ကြောင့် ပေါက်လာကြရ၏၊ ဤသို့ ပေါက်
လာခြင်း၏ အကြောင်းအားဖြင့်လည်း ရွံရှာဖွယ်ကောင်း
ကုန်၏၊ ဤဆံပင်တို့သည် မစင်ပေါ်၌ပေါက်လာသော
မှိုကဲ့သို့ သုံးဆယ့်တစ်ပါးသော ကောဋ္ဌာသအစုအပုံ
ပေါ်ဝယ် ထိပ်ဆုံးကျသော ဦးခေါင်းပေါ်၌ ပေါက်ကြရ၏၊
ထို့ကြောင့် ပေါက်ရာအရပ်အားဖြင့် စက်ဆုပ်ဖွယ်ကောင်း
ကုန်၏။ ဤသို့လျှင် ဆံပင်တို့သည် အဆင်း, ပုံသဏ္ဍာန်,
အနံ့, ဖြစ်ရခြင်း၏အကြောင်း, ဖြစ်ရာအရပ်, ဤသို့
ငါးပါးသော အပြားအားဖြင့် စက်ဆုပ် ရွံရှာဖွယ်ကောင်းပုံ
ကို ဉာဏ်၌ထင်အောင် ဆင်ခြင်ကြည့်ရှုရသည်၊ ဆံပင်
တို့သည် ရုပ်ကလာပ်အစုအဝေးသာဖြစ်၏၊ ထိုရုပ်ကလာပ်
တွင်လည်း ပထ၀ီဓာတ်၏ သတ္တိလွန်ကဲမှုကြောင့် မာသော
ကြမ်းသော အတွေ့ကို တွေ့ရ၏၊ ရုပ်ကလာပ်အစုအဝေး
သာဖြစ်သောကြောင့် "ငါဟု လည်းကောင်း, သူဟု လည်း
ကောင်း" ခေါ်ဆိုဘို့ရာ အတ္တမဟုတ်၊ ဆံပင်အတွင်း၌ အတ္တ
လည်းမရှိ၊ ထို့ကြောင့် အနတ္တဖြစ်၏၊ အချိန်ရှိသ၍ ဖြစ်ပျက်
နေသော ရုပ်ကလာပ်အစုသာ ဖြစ်သောကြောင့် အနိစ္စ ဒုက္ခ
တို့သာ ဖြစ်လေသည်၊ ဤအချက်ကို ၀ိပဿနာဉာဏ်တည်း
ဟူသော မှန်အပြင်တွင် ထင်မြင်လာအောင် ဆင်ခြင်ရပါသည်။
(မွေးညှင်းစသည်) မွေးညှင်းစသော လေးပါးတို့၌လည်း အဆင်း
အားဖြင့် စက်ဆုပ်ဖွယ်ကောင်းပုံ, ပုံသဏ္ဍာန်အားဖြင့် စက်ဆုပ်
ဖွယ်ကောင်းပုံ, အနံ့အားဖြင့် စက်ဆုပ်ဖွယ်ကောင်းပုံ, သလိပ်,
သည်းခြေ, သွေး, ပြည်, ကျင်ကြီး, ကျင်ငယ်တို့ကြောင့်
ဖြစ်ရကား အကြောင်းအားဖြင့် စက်ဆုပ်ဖွယ်ကောင်းပုံ,
ဖြစ်ရာအရပ်အားဖြင့် စက်ဆုပ်ဖွယ်ကောင်းပုံတို့ကို
ဉာဏ်ဖြင့် ဆင်ခြင်၍ ပထ၀ီဓာတ်လွန်ကဲသော
ရုပ်ကလာပ်သာ ဖြစ်ပုံကိုလည်းကောင်း, ပုဂ္ဂိုလ်, သတ္တ၀ါ,
သူ ငါ မဟုတ်ပုံကိုလည်းကောင်း, ရုပ်ကလာပ် အစုအဝေး
သာဖြစ်၍ ထိုရုပ်ကလာပ်တွင် ပထ၀ီဓာတ်၏ သတ္တိလွန်ကဲ
ပုံကို လည်းကောင်း, ၀ိပဿနာဉာဏ် တည်းဟူသော
မှန်ဝယ် ရှင်းရှင်းလင်းလင်း ထင်မြင်အောင် ဆင်ခြင်ရ
ကြည့်ရှုရပါသည်။