Friday, June 14, 2013

ထေရဝါဒ၏ အခြေခံယူဆချက်များ

ထေရဝါဒ၏ အခြေခံယူဆချက်များ

အရှင်သာရိပုတ္တရာ အလောင်း၊ ဥပတိဿပရိဗိုဇ်သည် ရာဇဂြိုလ်တွင် လှည့်လည်ကာ
ဆရာရှာစဉ်၊ အရှင်အဿဇိဆွမ်းခံကြွလာသည်နှင့် ကြုံကြိုက်သည်။
အရှင်၏ ကြည်လင်သော မျက်နှာတော်နှင့် တည်ငြိမ်သော ဣနြေ္ဒတို့ကို
လေးစားကြည်ညိုသောကြောင့် ဤအရှင်မြတ်ထံတွင် တရားထူးရနိုင်တန်ရာ၏ဟု
ယူဆကာ၊ အရှင်မြတ် ဆွမ်းခံကြွရာနောက်သို့ တစ်ကောက်ကောက်လိုက်ပါသည်။
ဆွမ်းခံပြီးသောအခါ ဥပတိဿ အရှင်မြတ်ကို . .

"ငါ့ရှင် . . . သင်၏ဣနြေ္ဒတို့သည် ကြည်လင်ကုန်၏။ အရေ အဆင်းသည်
စင်ကြယ်သည်။ ဖြူစင်တောက်ပသည်။ ငါ့ရှင် . . သင်သည် အဘယ်သူကို
ရည်ညွှန်း၍ ရဟန်းပြုသနည်း၊ သင်၏ ဆရားကား အဘယ်သူနည်း၊
အဘယ်တရားကို သင်နှစ်သက် သနည်း" ဟု မေးသည်။
ထိုအခါ အရှင်အဿဇိက ပြန်လည်ဖြေကြားသည်မှာ . . .

"ငါ့ရှင် . . သာကီဝင်မင်းသားဖြစ်သော သာကီဝင်မင်းမျိုးမှ ရဟန်းပြုသော
ရဟန်းမြတ်သည် ရှိတော်မူသည်။ ငါသည် ထိုဘုန်းတော်ကြီးသော
ရဟန်းမြတ်ကို ရည်ညွှန်း၍ ရဟန်းပြုသည်။ ထိုမြတ်စွာဘုရားသည်
ငါ၏ ဆရာပေတည်း။ ငါလည်း ထိုမြတ်စွာဘုရား၏ တရားတော်ကို
နှစ်သက်၏။"

အရှင်မြတ်၏ အဖြေကို ကြားရသောအခါ ဥပတိဿက
"အရှင်၏ ဆရာသည် အဘယ်အယူရှိသနည်း။ ဘယ်သို့သော တရားကို
ဟောကြားသနည်း" ဟု ဆက်လက်မေးမြန်းသည်။
ထိုအခါ . . .

"ငါ့ရှင် . . ငါသည် ဤသာသနာသို့ ယခုမှ ဝင်ရောက်စ ဖြစ်သည်။
ရဟန်းပြုသည်မှာ မကြာမြင့်သေးသော ရဟန်းသစ်ဖြစ်သည်။
ငါသည်သင့်အား အကျယ်အားဖြင့် တရားကိုဟောခြင်းငှာ မတတ်နိုင်။
သို့ရာတွင် သင့်အားအကျဉ်းအားဖြင့် အနက်သဘောကို ဟောပေအံ့"
ဟု မိန့်ဆိုသည်။

ဥပတိဿကလည်း အကျဉ်းမျှပင်ဖြစ်စေ၊ အနက်ကို ဟောရန်ပန်ကြားသည်။
ထိုပန်ကြားချက်အရ၊ ဗုဒ္ဓဓမ္မ၏ ဝါဒအနှစ်ချုပ်အဖြစ် "ယောဓမ္မာ ဟေတုပ္ပဘဝါ"
အစရှိသော ဂါထာကို ဟောကြားသည်။ ထိုဂါထာ၏ ဆိုလိုချက်မှာ -
 "အကြင်(ဒုက္ခ)တရားတို့သည် အကြောင်း ကြောင့်ဖြစ်ပေါ်လာရသည်။
ထိုသို့ဖြစ်ပေါ်လာစေသော အကြောင်း(သမုဒယ)ကိုလည်း ဘုရားရှင်ဟောကြားသည်။
ထိုဒုက္ခ၊ သမုဒယ တရားတို့၏ ချုပ်ငြိမ်းခြင်းကိုလည်းကောင်း၊ ချုပ်ငြိမ်းစေသော
အကြောင်း နည်းလမ်းကိုလည်းကောင်း ဘုရားရှင် ဟောပြသည်။
ရဟန်းမြတ် ဗုဒ္ဓသည် ဤသို့အယူရှိသည်" . . . . ဟူ၍ ဖြစ်သည်။

ဤဂါထာ၌ အရှင်အဿဇိအကျဉ်းမျှ ဖော်ပြသည့် တရားအမြွတ်အတိုင်းပင်
ဂေါတမဗုဒ္ဓ၏ ဝါဒသည်အကြောင်းနှင့် အကျိုးတို့ကို ဖေါ်ပြသော ဝါဒဖြစ်သည်။
ဒုက္ခသည် အကျိုး၊ သမုဒယသည် အကြောင်း၊ ဒုက္ခချုပ်ငြိမ်းခြင်း၊ နိရောဓသစ္စာသည်
အကျိုး၊ ဒုက္ခကို ချုပ်ငြိမ်းစေသော နည်းလမ်းကျင့်စဉ် "မဂ္ဂ"သည် အကြောင်းတရား
ဖြစ်သည်။

ဤသည်မှာ သစ္စာလေးပါးတရားကို အနှစ်ထုတ်ကာ အချုပ်မျှပြန်လည်တင်ပြထားသော
ဂါထာ၏ ဆိုလိုရင်းဖြစ်သည်။ နောင်အခါ၌ (၄၅)ဝါကာလပတ်လုံး သစ္စာလေးပါးကို
အခြေခံလျက် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များအားလုံးမှာလည်း
အကြောင်းနှင့် အကျိုးဆက်စပ်ဟောပြချက်များ၊ အကြောင်း အကျိုးဆက်စပ်
သုံးသပ်ချက် များသာဖြစ်သည်။ တရားသေစွဲမှတ်ထားရန်၊ တစ်ချက်လွှတ်ချမှတ်ထားသည့်
ပညတ်ချက်ဟူ၍ တစ်စုံတစ်ရာ မပါရှိချေ။

ထေရဝါဒ၏ အခြေခံယူဆချက်များ
ကို
နန္ဒာသိန်းဇံ

ထေရဝါဒနှင့်ပတ်သက်သောမှတ်ချက်မှားမှ
ထုတ်နုတ်ဖော်ပြထားပါသည်။
{စေတနာသည် တူသောအကျိုးကို ပေး၏}
ထွန်းကျော်(L.M.©)

No comments:

Post a Comment