ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး
ပြုစုတော်မူသော
ဘာဝနာဒီပနီ မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်
ကိုယ်ခန္ဓာ၌ ၂၄-ပစ္စည်းတပ်ခြင်း
၂၄-ပစ္စည်းတွင် "အနန္တရ ပစ္စယော,
သမနန္တရ ပစ္စယော, နတ္ထိ ပစ္စယော, ဝိဂတ ပစ္စယော"
ဟူသော လေးပါးသော ပစ္စည်းတို့သည် တစ်ယောက်
သောသတ္တဝါတွင် နာမ်တရားတို့ နှစ်ဌာန ပြိုင်၍ဖြစ်ခြင်း
မရှိသည်ကိုဆိုခဲ့သော ပစ္စည်းတို့တည်း။
ဝိပ္ပယုတ္တပစ္စည်း
နာမက္ခန္ဓာ ၄-ပါးတို့သည် အရေတွင်း
အသားတွင်း အကြောတွင်း အရိုးတွင်း ဦးဏှောက်တွင်း
အဆုတ်တွင်း အသဲတွင်း နှလုံးသားတွင်း နှလုံးသွေးတွင်း
တို့၌ တဝင်းဝင်း တလက်လက် မစဲဖြစ်ပေါ်၍ နေကြကုန်
သော်လည်း ရုပ်ခန္ဓာတို့နှင့် ရောယှက်ငြိတွယ်ခြင်း မရှိကြ
ကုန်သည်ကို "ဝိပယုတ္တပစ္စည်း"ဆိုသတည်း။
အာရမ္မဏပစ္စည်း
ဓာတ်ရုပ်ကြီးကို အပ၌ လေသလပ်မှု,
အတွင်း၌ ဓာတ်သားချင်းကြိတ်မှုရှိမှသာလျှင် ဓာတ်မီးဖြစ်
ပေါ်နိုင်သကဲ့သို့ အာရုံ ၆-ပါး ထိခိုက်မှုရှိမှသာ ထိခိုက်ရာ
ဌာန၌ ဝိညာဏ် ၆-ပါး, နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်နိုင်ကြ
သည်ကို "အာရမ္မဏပစ္စည်း"ဆိုသတည်း။
အဓိပတိပစ္စည်း
အထူးအားဖြင့် ခင်မင်ကြသော အာရုံမျိုးကို
"အဓိပတိပစ္စည်း"ဆိုသတည်း။
ဟေတုပစ္စည်း
လောဘ, ဒေါသ, မောဟ, အလောဘ,
အဒေါသ, အမောဟတို့၏ ရုပ်, နာမ်ခန္ဓာတို့အား အမြစ်မူလ
ကိစ္စဖြင့် ကျေးဇူးပြုမှုကို "ဟေတုပစ္စည်း"ဆိုသတည်း
သဟဇာတ, အညမညပစ္စည်း
ခက်မာမှု ဖွဲ့စေးမှု ပူမှု အေးမှု အစရှိသော
ရုပ်ခန္ဓာလျှင် ရုပ်ခန္ဓာချင်း, သိမှု ခံစားမှု မှတ်မှု စေ့ဆော်မှု
အစရှိသော နာမ်ခန္ဓာလျှင် နာမ်ခန္ဓာချင်း ပြိုင်းခနဲ ပြိုင်းခနဲ
အတူတကွ ဖြစ်ပေါ်ကြသည်ကို "သဟဇာတပစ္စည်း,
အညမညပစ္စည်း" ဆိုသတည်း။
နိဿယပစ္စည်း
ရုပ်လျှင်ရုပ်ချင်း နာမ်လျှင်နာမ်ချင်း မှီကြရ
သည်ကို လည်းကောင်း၊ နာမက္ခန္ဓာတို့သည် ရုပ်ခန္ဓာတို့၌
မှီကြရသည်ကိုလည်းကောင်း "နိဿယပစ္စည်း" ဆိုသတည်း။
ဥပနိဿယပစ္စည်း
အမိကျေးဇူး အဖကျေးဇူး သားကျေးဇူး
သမီးကျေးဇူး အိမ်ကျေးဇူး ယာကျေးဇူး နွားကျေးဇူး
ကျွဲကျေးဇူး မြေကျေးဇူး ရေကျေးဇူး မီးကျေးဇူး ထင်းကျေးဇူး
မိုးကျေးဇူး လေကျေးဇူး တောကျေးဇူး တောင်ကျေးဇူး
ဘုရားကျေးဇူး တရားကျေးဇူး သံဃာကျေးဇူး ဆရာသမားကျေးဇူး
အစရှိသော လောကဉာဏ်ရှိသမျှ သိမြင်ကြသော လောက၌
ကျေးဇူးကြီး, ငယ်အနန္တတို့ကို "ဥပနိဿယပစ္စည်း" ဆိုသတည်း။
ပုရေဇာတပစ္စည်း
နှလုံးသွေး၌ ဖြစ်ပေါ်ကြသော နာမက္ခန္ဓာ ၄-ပါးတို့
သည်ကား အတိတ် အနာဂတ် ဖြစ်သော ရှေးရှေးနှောင်းနှောင်း
အာရုံတို့ကိုလည်းကောင်း, မိမိတို့နှင့် အပြိုင်ဖြစ်ပေါ်သော
အာရုံတို့ကိုလည်းကောင်း အစွဲပြု၍ ဖြစ်ပေါ်နိုင်ကြကုန်၏။
နှလုံးသွေးမှတစ်ပါး စက္ခု, သောတအစရှိသော
တစ်ကိုယ်လုံး တစ်ကောင်လုံး၌ ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ
၎-ပါးတို့သည်မူကား ထိုသို့မဟုတ်ကြကုန်၊ စက္ခု, သောတအစရှိ
သော ကိုယ်အင်္ဂါတို့၌ အဆင်း, အသံအစရှိသော ပစ္စုပ္ပန်အာရုံတို့
၏ ခိုက်မှု, တိုက်မှုကို အစွဲပြု၍သာ ဖြစ်ပေါ်နိုင်ကြကုန်၏၊
ခိုက်တိုက်လာသော ပစ္စုပ္ပန်အာရုံတို့ကိုသာ အာရုံပြုနိုင်ကြကုန်၏၊
အာရုံတို့က ဖြစ်ပေါ်မှုအတန်ငယ် ရှေ့ကျလျက် အလျင်တင်ကူး၍
လှုံ့ဆော်ကြကုန်၏၊ ဤသို့သော ကျေးဇူးကို "ပုရေဇာတပစ္စည်း"
ဆိုသတည်း။
ပစ္ဆာဇာတပစ္စည်း
ရှေးရှေးတင်ကူး၍ ပေါက်ရောက်ပြီးသော မြက်သစ်ပင်
တို့အား ကြီးပွားခြင်းငှါ နောက်နောက် ရွာသွန်းသော မိုးရေသည်
ကျေးဇူးပြုသကဲ့သို့ ရှေးရှေးတင်ကူး၍ ဖြစ်ပေါ်နှင့်ကြကုန်သော
ရုပ်ခန္ခာတို့အား ထက်သန်ကြစေခြင်းငှါ နောက်နောက်၌ တစ်သုတ်
တစ်သုတ်ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည် ကျေးဇူး
ပြုကြပေကုန်၏၊ ဤသို့သော ကျေးဇူးကို "ပစ္ဆာဇာတပစ္စည်း"
ဆိုသတည်း။
အာသေဝနပစ္စည်း
စက်ကိရိယာတို့သည် အဆင့်ဆင့် အားပေးကြကုန်
သကဲ့သို့ နောက်နောက်သော ဇောနာမက္ခန္ဓာတို့အား ရှေးရှေးသော
ဇော နာမက္ခန္ဓာတို့သည် အဆင့်ဆင့် အားပေးကြကုန်၏၊ ဤသို့သော
အားပေးမှုကို "အာသေဝနပစ္စည်း"ဆိုသတည်း။
ကမ္မပစ္စည်း
ရှေး၌သင်္ခါရက္ခန္ဓာအခန်းတွင် ပြဆိုခဲ့ပြီးသော စေတနာ၏
စိတ်ကို ရပ်တည်မရအောင် စေ့ဆော်မှု လှုံ့ဆော်မှု အပူအပြင်းတိုက်
တွန်းမှုကို "ကမ္မပစ္စည်း"ဆိုသတည်း။
သုဂတိဘုံဘဝသို့ရောက်၍ လူဖြစ်ရမှု နတ်ဖြစ်ရမှု
ဗြဟ္မာဖြစ်ရမှု ချမ်းသာသုံးပါးကို ခံစား စံစားကြရမှု ဒုဂ္ဂတိဘဝသို့
ရောက်၍ အပါသတ္တဝါဖြစ်ရမှု အပါယ်ဒုက္ခ ၄-ပါးကို ခံစားကြရမှုကို
လည်း "ကမ္မပစ္စည်း"ဟုဆိုသတည်း။
ဝိပါကပစ္စည်း
အိပ်ပျော်၍ နေစဉ်အခါ၌ ဘဝင်မနောတို့၏ ငြိမ်သက်မှု
ကို "ဝိပါကပစ္စည်း"ဆိုသတည်း။
အာဟာရပစ္စည်း
နေ့စဉ်မျိုအပ်သော ထမင်းအစာတို့၏ တစ်ဘဝ
တစ်ဘဝ၌ ရုပ်ခန္ဓာကြီးကို ခိုင်မြဲအောင် ထောက်ပံမှု, စိတ် ဖဿ
စေတနာတို့၏ အနမတဂ္ဂ သံသရာ၌ နာမ်ခန္ဓာအစဉ်ကို ခိုင်မြဲအောင်
ထောက်ပံ့မှုသည် "အာဟာရပစ္စည်း"မည်၏။
ဣန္ဒြိယပစ္စည်း
အစက္ခုရုပ်သည် စက္ခုဝိညာဏ် နာမက္ခန္ဓာ -ပါးတို့ကို
အစိုးရ၏၊ ထိုခန္ဓာ ၄-ပါးတို့သည် စက္ခုရုပ် နုံ့နှေးလျှင် နုံ့နှေးရကုန်၏၊
မျက်စိအမြင် မကြည်မလင်ဖြစ်ရ၏၊ စက္ခုရုပ် ထက်သန်လျှင်
ထက်သန်ကြကုန်၏၊ မျက်စိအမြင်ကြည်လင်၏၊ လူတို့၏စက္ခုရုပ်
ထက်သန်သည်ထက် နတ်တို့၏စက္ခုရုပ်သည် ထက်သန်၏
ထို့ကြောင့် အမြင်ခန္ဓာတို့သည် သစ်ပင်, တော, တောင်, မြေ,
ရေကို ဖောက်ထွင်း၍မြင်ကြကုန်၏။
သောတရုပ်, ဃာနရုပ်, ဇိဝှါရုပ်, ကာယရုပ်တို့၌လည်း
သူ့ဝိညာဏ်နှင့်သူ ဆိုလေ။
ဇီဝိတ စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ,
ပညာတို့သည် နာမက္ခန္ဓာ ၄-ပါးတို့ကို အသီးသီး အစိုးရကြကုန်၏၊
မိမိတို့ကိစ္စ၌ မိမိတို့နုံ့လျှင် နုံ့ကြရကုန်၏၊ ထက်လျှင် ထက်ကြရကုန်၏၊
ရုပ်ဇီဝိတသည် ကမ္မဇရုပ်တို့ကို အစိုးရ၏၊ ဇီဝိတနုံ့လျှင်
နုံ့ကြရကုန်၏၊ အသက်တို၏၊ ဇီဝိတထက်သန်လျှင် ထက်သန်ကြကုန်၏၊
အသက်ရှည်၏၊ ဤသို့သော အစိုးရမှုကို "ဣန္ဒြိယပစ္စည်း"ဆိုသတည်း။
ဈာနပစ္စည်း
ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာတို့၏
နာမက္ခန္ဓာတို့ကို အာရုံ၌ စူးစူးစိုက်စိုက် နေနိုင်ကြအောင် ကျေးဇူးပြု
မှုသည် "ဈာနပစ္စည်း"မည်၏။
သေနတ်ဖြင့် ငှက်ကိုပစ်ရာ၌ ဤဈာနပစ္စည်း မပါလျှင်
ရွယ်ပင် မရွယ်နိုင်။
မဂ္ဂပစ္စည်း
ပညာ, ဝိတက်, ဝိရတီသုံးခု, ဝီရိယ, ပီတိ, သတိ,
ဧကဂ္ဂတာ, ဒိဋ္ဌိတို့၏ နာမက္ခန္ဓာ ၄-ပါးကို ကာယကံ ဝစီကံ မနောကံ
မြောက်ကြောင်း, ဒုဂ္ဂတိ သုဂတိ နိဗ္ဗာန်သို့ ပေါက်ရောက်ကြောင်း
အဖြစ်ဖြင့် ကျေးဇူးပြုမှုသည် "မဂ္ဂပစ္စည်း"မည်၏။
သမ္ပယုတ္တပစ္စည်း
နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်အတူ ပျက်အတူ ယှဉ်ဖက်မှု
သည် "သမ္ပယုတ္တပစ္စည်း"မည်၏။
ဝိပ္ပယုတ္တပစ္စည်းကို ပြဆိုခဲ့ပြီ။
အတ္ထိ အဝိဂတပစ္စည်း
ပြဆိုခဲ့ပြီးသော ပစ္စည်းအပေါင်းတို့တွင် အကျိုးဖြစ်သော
ပစ္စယုပ္ပန်တရားတို့နှင့် ခဏပစ္စုပ္ပန်အပြိုင် ရကောင်းသော
သဟဇာတပ္စည်း ပုရေဇာတပစ္စည်း စသည်ကိုပင် "အတ္ထိပစ္စည်း"
"အဝိဂတပစ္စည်း" ဆိုသည်။
အနိစ္စာနုပဿနာဉာဏ် ပြီး၏။
No comments:
Post a Comment