Sunday, October 28, 2012

ဘယ်မှာ ငါဟု ရှိအံနည်း

ဘယ်မှာ ငါဟု ရှိအံနည်း
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၍၊ မျိုးစုံကကြ၊
မာန်မာနနှင့်၊ ငါကရာဇာ၊ ငါချမ်းသာသည်၊
ငါဟာသူဋ္ဌေး၊ ငါပဂေးဟု၊ ငါသွေးတက်ကြွ၊
လူ့ဗာလတို့၊ ဒေသပိုင်းခြား၊ ကာလအားဖြင့်၊
များပြားလှစွာ၊ အဝိဇ္ဇာကြောင့်၊ တဏှာဘီလူး၊
အမှောက်ပူးလျှက်၊ ကျူးကျူးကျော်ကျော်၊
ဂုဏ်ကိုဖော်၍၊ မော်မော်မောက်မောက်၊
ငါတစ်ယောက်မို့၊ ထက်အောက်တစ်လွှား၊
ရွှေကိုယ်လားဟု၊ ထင်မှားဖက်လွဲ၊
သို့စဉ်စွဲလည်း၊ ဇာတ်ပွဲပြီးက၊ ပြည်ဖုးချသော်၊
သုဘရာဇာ၊ ခြေအောက်မှာပင်၊ ဘာသာလူမျိုး၊
ချိန်မတိုးဘဲ၊ သိုးပုပ်ခန္ဓာ၊ မြှုပ်ရရှသည်၊
-ဘယ်မှာ ငါဟု ရှိအံနည်း။

မှတ်ခါစွဲယူ၊ များဗိုလ်လူတို့၊ နိဗ္ဗူမရ၊ ဆင်းရဲကြလိမ့်၊
လောကသုံးခွင်၊ ဘုံသုံးပြင်၌၊ ဖြစ်လျှင်ပျက်မြဲ၊
မှန်မလွဲတည့်၊ သုံးစွဲဖို့ရာ၊ မြင်ဥစ္စာကို၊ ကံကြမ္မာပေး၊
ရပြန်သေး၍၊ ပျက်ရေးတဖန်၊ တွေ့ကြုံပြန်၏။

ချစ်လျှံဝေဝေ၊ ချစ်ဆွေတွေဖြင့်၊ ချစ်လေသမျှ၊
ပေါင်းဆုံကြလည်း၊ ကွဲရမည်သာ၊ မလွဲသာတည့်၊
ရှည်စွာအသက်၊ တည်ရှိချက်လည်း၊ ပုခက်နှင့်လေ၊
ဝေးလေလေရွေ့၊ နီးလေပျဉ်ခေါင်း၊ အမှန်အောင်းလိမ့်၊
အကြောင်းမလျှော်၊ သုံးရက်ကျော်က၊ ပုတ်စော်ညှီနံ့၊
ရန်တွေ့ပြန်သို့၊ အမှန်ချစ်သူ၊ မကပ်မူဘဲ၊ လျစ်လျှုရှုသုံး၊
အမှန်မုန်း၏။

နောက်ဆုံးရောက်ခါ၊ ပြည်မြို့ရွာဝယ်၊ စွန့်ဆွေညာအများ၊
စွန့်ပယ်ရှား၍၊ သွားရအပြီး၊ ဝေးမနီးသည်၊ တောကြီးမြိုင်ယံ၊
မြေသုဿန်ဝယ်၊ ရောက်ပြန်မရှိ၊ မြှုပ်နှံဘိခြင်း၊
ခြောက်ပေတွင်း၌၊ စင်းစင်းကားကား၊ ဖြစ်ကြမှာတည့်၊
သင်္ခါရဟု၊ ဘဝပြောင်းကူး၊ ကျူးကျော်လူ့ဘုံ၊
ခိုလုံဝင်စံ၊ ပုထုဇဉ်တို့၊ လောဂဓံလွတ်ကြောင်း၊
ဆုပန်တောင်းလျှက်၊ လမ်းကောင်းမဂ္ဂင်၊ သတိရှင်၍၊
ရှစ်အင်ဓမ္မ၊ အဝ,ဝကို၊ နေ့ညမကွာ၊ ကြိုးစားရှာသည်၊
ခေမာရောက်မှ၊ အေးမည်သောဝ်။

မရဏကာလ၊ သေချိန်ကြက၊ ငယ်လှပျိုမြစ်၊
အရွယ်ရင့်ဟု၊ တဖြင့်တပါး၊ ဘယ်သူ့အားမှ၊
ကိုးစားတွယ်တာ၊ ထောက်မညှာဘဲ၊ လေးဖြာသောဓာတ်၊
ဖောက်ပြန်လတ်သော်၊ ပညတ်သဘာဝ၊
ကိုယ်ကာယ၌၊ ဆန္ဒဝုတိ၊ ရောဂါဖိလို့၊ ဗျာဓိဒုက္ခံ၊
ကံစီမံကြောင့်၊ ခြံရံများစွာ၊ ညာတကာနှင့်၊
ဆရာသမား၊ ဆေးကုကြလည်း၊ ရေသားအပြင်၊
ရုပ်မထင်သို့၊ ဝိညာဏ်ပြတ်ကြွေ၊ သေရလေ၏၊

ဇာတိပဋိသန္ဓေ၊ တည်နေကာစ၊ ချိန်ခါကျလျှင်၊
သေရစိမ့်ငှာ၊ စာရင်းပါဟု၊ သူငါကစ၊
သေကြချိန်ခါ၊ ရောက်ခံပါသော်၊ ပူပူဆာဆာ၊
လူးလဲကာဖြင့်၊ ဝေဒနာထ၊ ဇောချွေးကျလျှက်၊
မရဏရွာ၊ လိုက်ရရှာသည်၊ ဘယ်ခါဘဝ၊
မနေရပါချေတကား။

ဓာတ်ဆယ့်ရှစ်ဖြာ၊ မီးလောင်စာကြောင့်၊ သံသရာမှု၊
ဆင်းရဲစုနှင့်၊ ပူမှုအလျှံ၊ စိုးရိပ်ရံလို့၊ ငိုရန်တဝ၊
အိုရတသွယ်၊ သေဘွယ်နန္တ၊ နာကြအစဉ်၊
ပြုပြင်နိုင်မှ၊ နေရာကြသည်၊ ခန္ဓာ့သဘော၊
သူ့သဘောကို၊ မနောနဲ့သာ၊ အရရှာလော့၊
ဂင်္ဂါဝါဠု၊ သဲပုံစုမျှ၊ ကျွတ်ဆုယူကာ၊ ပွင့်ကြပါသည်၊
ဗုဒ္ဓမြတ်စွာ၊ စိန္တေယျတို့၊ ခေါ်ပါသော်လည်း၊
လိုက်နိုင်ဘဲမို့၊ ဆင်းရဲခုတိုင်၊ မဆုံးနိုင်ဘဲ၊
တဝဲဝဲလည်၊ နောက်ထပ်ဘဝ၊ စုန်ဆန်ကြသော်၊
ရပ်ကြဖို့ရာ၊ သာသနာတော်နှင်း၊ ဆရာရှာမှ၊
သင့်မှာမုချ၊ လက်ကိုင်ရပြီ။

လေးဝသစ္စာ၊ မြိုက်ရသာကို၊ ယထာဘူတ၊
သိထိုက်လှပေါ့၊ ဉာဏတန်ဆောင်၊
အလင်းရောင်ဖြင့်၊ တည်ဆောက်ပြီးကာ၊
မထွက်ပါက၊ လေးရွာပါယ်တွင်း၊ မလွတ်ကင်းဘဲ၊
သက်ဆင်းခါခါ၊ ကျချက်နာမည်။
မှတ်ကြပါလေ၊ မှာလိုက်ပေအံ့၊ လွန်လေရှေးခါ၊
သံသရာက၊ မေတ္တာသွယ်ယှက်၊ ချရေစက်ကြောင့်၊
တူဖက်ယှဉ်တွဲ၊ လောကထဲ၌၊ ပျော်ပွဲဆင်ခြင်၊
ပြုံးရွှင်ရွှင်နှင့်၊ ခင်မင်စိတ်ထား၊ ဆက်ဆံငြားလည်း၊
နောင်ကားမကြာ၊ ခွဲရပါ၏။

သဘာဝပုံ၊ စဉ်းစားခြုံ၍၊ အာရုံထင်ထင်၊ ရှု့ဆင်ခြင်သော်၊
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊
ကွေကွင်းဘို့သာ၊ ဓမ္မတာတည်း၊
ဘယ်မှာအမြဲ၊ ရှိနိုင်ဘဲမို့၊ ရုပ်ခဲနာမ်စို၊
ခန္ဓာကိုယ်လည်း၊ ပျိုရာမှအို၊ အိုရာမှနာ၊
နာရာမှသေ၊ အိုသေနာသေ၊ သေသာသေရွေ့၊
အတည်တကြ၊ ဘယ်ဘဝမှ၊ မရှိကြဘူး။

လောဘတဏှာ၊ ကင်းလွတ်ရာဟု၊
ချမ်းသာအမှန်၊ နိဗ္ဗာန်ရောက်မှ၊ ဧကန်အေးမည်၊
သို့ဖြစ်သည်ကြောင့်၊ အတည်တကြ၊ မြတ်ဒါနနှင့်၊
သီလဘာဝနာ၊ အပ္ပမာဒ၊ မြတ်ဓမ္မကို၊
နေ့ညမပြတ်၊ ရှု့ကာမှတ်လော့။

ရုပ်နာမ်ခန္ဓာ၊ သံသရာမှ၊ ဝဋ္ဋ်ဘုံဘွက်၊
ခုံကာထွက်လျှက်၊ အထက်မဂ်လမ်း၊
အတူမြန်းဖို့၊ တိုက်တွန်းနိုးဆော်၊
ဟောမြွတ်ဖော်သည်၊ မှတ်နော်ကျက်ကျက်-
အမြဲတည်း။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့စီမံပုံ

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"

ကိုယ်ကျင့်အဘိဓမ္မာ
မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ဤရုပ်ခန္ဓာကြီးကို ကံက စီမံပုံ၊ စိတ်က
စီမံပုံ၊ ဥတုက စီမံပုံ၊ အာဟာရက စီမံပုံ
ကိုလည်း အသီးသီးခွဲခြားပြပါ။

အကြောင်း ၄ပါးတို့ ပြုပြင်နေပုံ
    ဤနေရာဝယ် ဓာတ်ကြီးလေးပါးတို့
စုပေါင်းနေပုံနှင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့်
ရုပ်တို့ ဖြစ်ရကြောင်းကို ထင်ရှားစေရန် ထပ်ရှင်း
ပါဦးမည်။ ရှေးဦးစွာ မြေကြီးဖြင့် ပြုလုပ်အပ်သော
လူရုပ်ကလေးကို စဉ်းစားကြစို့။ မြေမှုန့်တွေချည်း
သက်သက် လူရုပ်ဖြစ်နိုင်မလား။ မဖြစ်နိုင်။
မြေမှုန့်ချည်းသက်သက်ထားလျှင် လေတိုက်
သဖြင့် လွင့်သွားလိမ့်မည်။ သို့ဖြစ်၍ လွင့်မသွား
နိုင်အောင် ရေဆွတ်ပေးရလိမ့်မည်။
    မြေနှင့်ရေ ပေါင်းမိရုံဖြင့်လည်း လူရုပ်
ဖြစ်ဖို့ မဆိုထားဘိ စည်းစည်းလုံးလုံးပင် မဖြစ်နိုင်
သေး။ ထို့ကြောင့် စည်းလုံးမိအောင် စုပေးရဦးမည်။
ထိုမျှဖြင့်လည်း လူရုပ်မဖြစ်နိုင်သေး။ ရေဆွတ်ထား
သဖြင့် စိုစွတ်နေသောရွှံ့ကို အရုပ်လုပ်ဖြစ်ရုံ
ခပ်ထန့်ထန့်ဖြစ်အောင် နေလှန်းပေးရဦးမည်။
ထိုသို့ မြေဓာတ် ရေဓာတ် လုံးထွေးမိအောင် ပြုပေး
သော လေဓာတ်၊ အပူ(မီး)ဓာတ်တို့ဖြင့် သင့်တင့်ရုံ
ညီမျှနေသော ရွှံ့ကိုမှ အရုပ်ပြုလုပ်တတ်သူက
အရုပ်လုပ်ပေးသောကြောင့် လူရုပ်ကလေး
ဖြစ်လာရလေသည်။ ဤကား ဥပမာသဘောအားဖြင့်
ပြောပြခြင်းသာတည်း။

ကံစီမံပုံ
    ထို့အတူ ပထဝီဓာတ်ချည်းသက်သက်
ခန္ဓာကိုယ်မဖြစ်နိုင်။ ပထဝီဓာတ် လွင့်မသွားအောင်
အာပေါဓာတ်က စိမ့်စိုလျက်ရှိရ၏။ စိုထိုင်းထိုင်းမရှိ
ရအောင် တေဇောဓာတ်က အငွေ့ပေးလျက်ရှိရ၏။
တစ်ဖွ့စီတစ်ဖွဲ့စီ (တစ်ကလာပ်စီ) တွဲမိအောင်
ဝါယောဓာတ်က တွန်းထိုး ဖိညပ်လျက်ရှိရ၏။
ထိုဓာတ်ကြီး ၄ခု အစုအဖွဲ့၌ မကင်းစကောင်းသော
ဝဏ္ဏ ဂန္ဓ ရသ သြဇာတို့ ပါရှိကြ၏။ ထိုသို့ ရုပ်ကလာပ်
များစွာတို့ ပူးပေါင်းမိသောအခါ (တော်စွာလျော်စွာ
မပူးပေါင်းဘဲ) ရှေးကလူရုပ်ဖြစ်သော လုပ်နိုင်သော
ကံစီမံချက်အတိုင်း "လူ့ကိုယ်ကောင်" ဖြစ်အောင်
ပူးတွဲမိကြလေသည်။
    ထိုကဲ့သို့ ကံကစီမံရာ၌ ကံပြုစဉ်က
စိတ်အနေအထားလိုက်၍ ယောက်ျားသဏ္ဍာန်၊
မိန်းမသဏ္ဍာန်ဖြစ်အောင်လည်း စီမံရ၏။
အကုသိုလ်ကံအလိုက် ငရဲသဏ္ဍာန်၊ ပြိတ္တာသဏ္ဍာန်
များကိုလည်းစီမံရ၏။ ကုသိုလ်ကံ
ကောင်းမကောင်းကိုလိုက်၍ လှပသောသဏ္ဍာန်၊
မလှပသောသဏ္ဍာန်များကိုလည်း စီမံရ၏။
အကုသိုလ်ကံကြောင့် တိရစ္ဆာန်သဏ္ဍာန်ကို
ရသော်လည်း ရှေးကုသိုလ်ကံများက အခွင့်သာ
လာလျှင် တိရစ္ဆာန်လှလှကလေးဖြစ်အောင်၊
ကျွေးချင် မွေးချင်စရာ ကောင်းအောင်
စီမံပြန်၏။ ကုသိုလ်ကံကြောင့် လူဖြစ်သော်လည်း
အကုသိုလ်ကံက မလှမပဖြစ်အောင်၊
သူတစ်ပါးရွံမုန်းအောင်၊ ပေးကမ်းချင်သူနည်း
အောင် စီမံဖန်တီးပြန်၏။ ဤသို့လျှင်
ကံတရားသည် မိမိစွမ်းအားရှိသလောက်
ဤခန္ဓာကိုယ် (ရုပ်)တရားကြီးကို ပဋိသန္ဓေ
တည်စ အမိဝမ်းတွင်းကစ၍ စီမံဖန်တီးထား
လေသည်။ (ဤကံကြောင့်ဖြစ်သော ရုပ်ကို
“ကမ္မဇရုပ်” ဟုခေါ်၏။။

စိတ်ကပြုပြင်ပုံ
    ကံစီမံထားသော ထိုရုပ်ကြီးကို
စိတ်ကလည်း ထပ်မံ၍ပြုပြင်ပြန်၏။ စိတ်၏
အလိုအတိုင်း ထိုင်ရ၊ အိပ်ရ၊ ရပ်ရ၊ သွားရ၏။
သွားလိုသောစိတ် ဖြစ်သောအခါ စိတ္တဇရုပ်တို့
သည် တစ်ကိုယ်လုံးပျံ့နှံ့လျက်ဖြစ်၏။
ထိုစိတ္တဇရုပ်များ၌ ဝါယောဓာတ်သည် ခါတိုင်း
ထက် သတ္တိကောင်း၏။ ထိုဝါယောဓာတ်အစွမ်း
ကြောင့် တစ်ကိုယ်လုံး လှုပ်လှုပ်ရွရွဖြစ်၏။
ဝါယောဓာတ်လွန်ကဲသော ရုပ်ကလာပ်တွေ
များသည်ထက် များလာသောအခါ ရွေ့ကာ
ရွေ့ကာဖြစ်ရာ၌ (ရွေ့ချင်တိုင်း မရွေ့ဘဲ
စိတ်အလိုကျအောင်) ရွေ့ကြရလေသည်။
    ဤနေရာ၌ “ရွေ့ကာရွေ့ကာဖြစ်ခြင်း”
ဟူသောစကားကို ထပ်၍ ထင်ရှားစေဦးအံ့-
ယခုကာလ ရုပ်ရှင်ရိုက်ကူးရာ၌ လူတစ်ယောက်၏
ခြေလှမ်း၍ သွားနေပုံထင်ရှားအောင် ကားငယ်ကလေး
ပေါင်းများစွာ ရိုက်ကူးရ၏။ ပထမကား၌ ရပ်နေပုံသာ
ပါသေး၏။ ဒုတိယ တတိယစသော ကားများ၌လည်း
ထူးခြားခြင်း မရှိလှသေး၏။ ကားပေါင်းအတော်များမှ
ခြေကြွသလိုပေါ်လာ၏။ ထို့နောက်လည်းကားပေါင်း
အတော်များမှ ခြေကိုမြှောက်သလို ပေါ်လာ၏။
ဤသို့ သွားနေပုံပေါ်လာအောင် ကားပေါင်းများစွာ
ဆက်ရလေသည်။ ထိုကားပုံကလေးများလည်း
တကယ့်လူ၏ အနေအထားကို အဆက်ဆက်
ထင်ရှားစေသော ပုံကလေးများတည်း။
    ထို့ကြောင့် “လူသွားသည်”ဟုဆိုရာ၌
သွားလိုသောစိတ်ကြောင့် ပထမဖြစ်သော
ုရုပ်များမသွားသေး။ မတ်တတ်ရပ်လျက် ရှိသေး၏။
သို့သော် ပထမရုပ်ကလာပ်၌ ပါဝင်သော ဝါယောဓာတ်
အစွမ်းကြောင့် မငြိမ်မသက်သော အမူအရာဖြစ်လာ၏။
ထို့ကြောင့် ဒုတိယရုပ်စုသည် ပထမရုပ်စု၏ နေရာ၌
ထပ်၍မဖြစ်ဘဲ ထိုနေရာနှင့် ဆက်ကပ်နေသော
ဒုတိယနေရာ၌ ဖြစ်၏။ ဤသို့လျှင် နောက်နောက်ဖြစ်
ရသော ရုပ်ကလာပ်စုက နေရာရွေ့၍ရွေ့၍ ဖြစ်နေရာ
ဝယ် (မျက်စိတစ်မှိတ်ခန့်အတွင်း၌ ကုဋေတစ်သိန်းမက
အထပ်ထပ်ဖြစ်သောကြောင့်) မျက်စိတစ်မှိတ်ခန့်
အချိန်အတွင်းမှာပင် သွားလာနေသော ပုံသဏ္ဍာန်
ထင်ပေါ်လာလေသည်။
    ထို့ပြင် “စိတ်ပျိုတော့ကိုယ်နု” ဆိုသည့်အတိုင်း
စိတ်ချမ်းသာသောသူ၌ ကြည်လင်သော စိတ္တဇရုပ်များဖြစ်၍
ချစ်ချစ်ခင်ခင် စကားပြောနေသောအခါဝယ် မျက်နှာများ
ကြည်လင်၏။ ထိုက်တန်သမျှကျန်းမာအောင် ကြည်လင်သော
စိတ်က စွမ်းဆောင်နိုင်၏။ “စိတ်ထောင်းတော့ကိုယ်ကြေ”
ဟုပြောရိုးရှိသည့်အတိုင်း စိတ်မချမ်းသာလျှင် စိတ်ကြောင့်
ဖြစ်သောရုပ်များ ညှိုးနွမ်း၏။ စကာပြောမတည့်၍
စိတ်မကောင်းသောအခါ၌ ချိုနေသောမျက်နှာသည်ပင်
ချက်ချင်း ပျက်တော့၏။
    အိမ်တစ်ဆောင်ကို မီးလောင်လျှင်
နီးကပ်နေသော အခြားအိမ်းများလည်း လောင်ရသကဲ့သို့
စိတ္တဇရုပ်က ညှိုးနွမ်းပူလောင်နေလျှင် ဆက်စပ်နေသော
ကမ္မဇ၊ ဥတုဇ၊ အာဟာရဇရုပ်များလည်း ပူလောင်ရတော့၏။
ထို့ကြောင့် အလွန့်လွန် စိတ်မချမ်းသာသော သူသည်
အရွယ်နှင့်မတန်အောင် အိုဆိုး၍ ထိုထက်ပူပန်လာသော
အခါ နှလုံးကွဲ၍ စုတေရလေတော့၏။ ဤသို့လျှင် ခန္ဓာကိုယ်ကို
ပဋိသန္ဓေကစ၍ စိတ်ကလည်း ပြုပြင်လျက်ရှိလေသည်။

ဥတုက ပြုပြင်ပုံ
    ဥတုကလည်း ရုပ်ကိုပြုပြင်နိုင်၏။ သာယာသော
ဥတု၌ နေထိုင်လျှင် ရုပ်ကြည်လင်၏။ ကျန်းမာဝဖြိုး၏။
သန့်ရှင်းသောအိပ်ရာ နေရာ အဝတ်များကို ဝတ်လေ့ရှိသူ၌
ထိုအဝတ်များတွေ့ထိသော ဥတုကြောင့် သန့်ရှင်းသော
ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာ၏။ ထို့ကြောင့်
အမြဲသန့်ရှင်းနေသော အဝတ် အိပ်ရာ နေရာများကို
သုံးစွဲခြင်းသည် ကျန်းမာဖို့အကြောင့် နည်းကောင်းအစစ်
ပင်တည်း။ မသန့်ရှင်းသော အဝတ် အိပ်ရာ နေရာများကို
သုံးစွဲသူ၌ကား ဥတုဇရုပ်များ တိုးပွားသဖြင့် ကျန်းမာရေး
ဆုတ်ယုတ်ပျက်ပြား၏။ တော တောင် သစ်ပင်တို့သည်
မိုးကျသောအခါ၌ ဥတုကောင်းနှင့်တွေ့ရ၍ တိုးတက်ပြန့်ပွား
စည်းကားကြ၏။ နွေဥတုကျသောအခါ မကောင်းသော
ဥတုနှင့်တွေ့၍ ညှိုးနွမ်းခြောက်သွေ့ကြရလေသည်။
ဤသို့လျှင် ဥတုကလည်း ခန္ဓာကိုယ်ကို အမိဝမ်းတွင်း
အောင်းနေစဉ်ကပင် ပြုပြင်နေရကား ဥတုအလိုက်
သစ်ပင်တောတောင်တို့ ပြောင်းလွဲပုံကို ကြည့်၍
မိမိကိုယ်၌လည်း ဥတုကောင်းမကောင်းလိုက်၍
ဥတုဇရုပ်များပြောင်းရပုံကို သတိပြုပါကုန်။

အာဟာရက ပြုပြင်ပုံ
    စားသမျှအစာ၌ (သောက်ရေ၌ပင်) ပါရှိသော
သြဇာသည် ရုပ်ကိုဖြစ်စေနိုင်၏။ မိမိနှင့်သင့်သော
အစားအသောက်နှင့် ဆေးများသာ စားသောက်သုံးစွဲလျှင်
ကောင်းသောရုပ်များ တိုးပွား၍ ဝဖြိုးကြည်လင်
စည်ပင်ကျန်းမာ၏။ မသင့်တော်သော အစားအသောက်နှင့်
ဆေးများကို သုံးစွဲစားသောက်မိလျှင် မကောင်းသော
ရုပ်များတိုးပွား၍ ညှိုးနွမ်းသွေ့ခြောက် ရောဂါရောက်ရသည်မှာ
မျက်မြင်ပင်ဖြစ်သကဲ့သို့ သင့်တော်သော အစားအသောက်နှင့်
ဆေးများကို သုံးစွဲစားသောက်လေ့ရှိသူတို့ အသက်ရှည်ကြ၊
အနာကင်းကြသည်မှာလည်း မျက်မြင်ပင်ဖြစ်သည်။
    အမိဝမ်းတွင်း သန္ဓေတည်နေစဉ်မှာလည်း
ကိုယ်ခန္ဓာကလေး ထင်ရှားသည်မှစ၍ အမိစားသမျှအစာသည်
သူငယ်၏ ကိုယ်အတွင်းသို့ စိမ့်ဝင်၏။ ထိုအခါ ကလေး၏
ကိုယ်၌ အာဟာရကြောင့်ရုပ်များ တိုးပွားကြ၏။
ထို့ကြောင့် မိမိကလေး၏ ကျန်းမာရေးကို လိုလားသော
မိခင်တိုင်းပင် ကိုယ်ဝန်ရှိသည်ကစ၍ ကလေးနှင့်
မသင့်တော်သော အစာအာဟာရများကို အထူးရှောင်ကြဉ်
ကြရသည်။ အမိသည် အကြင်အစားအသောက်ကို
စားသောက်၏။ ထိုအစားအသောက်ဖြင့် အမိဝမ်း၌
တည်နေသော ကိုယ်ဝန်သူငယ်သည် မျှတရရှာ၏။
အမိစားသောအစာသည် ချက်ကြိုးမှစိမ့်၍ ကလေး
ကိုယ်၌ ပျံ့နှံ့၏ဟု ကျမ်းစာတို့၌ဆို၏။ ယခုအခါကား
ကျန်းမာရေးကို အတောနားလည်သော ဆရာတို့ညွှန်
ကြားချက်ဖြင့် သန္ဓေရှိသည်ကစ၍ မိခင်သည်
အားရှိသောအစာကို စားရ၏ ကြမ်းကြမ်းတမ်းတမ်း
သွားလာမှုကို သတိပြုရ၏။ မကြာမကြာ ကိုယ်ဝန်ကို
ဆိုင်ရာဆရာ့ထံ ပြရ၏။ အအိပ်အစား မှန်စေရ၏။
မိမိကိုယ်တိုင်က ရောဂါကင်း၍ ထိုကဲ့သို့ ဂရုစိုက်ခြင်း
ရှိပါမူ ကျန်းမာသော သားသမီးတို့က များပေလိမ့်မည်။
ထို့ကြောင့် မိခင်ကိုယ်တိုင်ကလည်း ကလေး၏
အာဟာရကို ကိုယ်ဝန်ရှိစဉ်ကစ၍ ပြုပြင်ပေးကြပါကုန်။



ပစ္စည်းလေးပါးသုံးဆောင်မှီဝဲရာ၌ ပစ္စဝေက္ခဏာဆင်ခြင်ပုံ

ပစ္စည်းလေးပါးသုံးဆောင်မှီဝဲရာ၌
ပစ္စဝေက္ခဏာဆင်ခြင်ပုံ

ရဟန်း, သာမဏေများသည် ပစ္စည်းလေးပါး
သုံးဆောင်မှီဝဲတိုင်း အမှုမဲ့ အမှတ်မဲ့ လူပုဂ္ဂိုလ်တို့ကဲ့သို့
အရသာ အဆင်း တန်ဆာ အလှအပ မက်မောသော
လောဘ, တဏှာစိတ်တို့ဖြင့် မမှီဝဲအပ်၊
ထိုကဲ့သို့ သုံးဆောင်မှီဝဲခဲ့သော် ဣဏပရိဘောဂထိုက်၏။
(အကြွေးယူ၍သုံးဆောင်ခြင်းမျိုး ဖြစ်၏)
ထို့ကြောင့် အောက်ပါလင်္ကာများအတိုင်း နှလုံးသွင်း
ဆင်ခြင်ရွတ်ပွါး၍ ပစ္စည်းလေးပါးတို့ကို
သုံးဆောင်မှီဝဲအပ်၏။

"သင်္ကန်း ဝတ်ရုံသောအခါ ဆင်ခြင်ရန်"
ချမ်းပူကိုဖျက်၊ ခြင်,မှတ်,လေ,နေ၊ ကင်း, မြွေ လွဲသှဉ်၊
ဟိရီဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါဝယ်၊
လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊
စိတ်ဝယ်မသန်း၊ ဤသင်္ကန်းကို၊
ဖုံးလွမ်းသုံးဆောင်ပါသတည်း။

"ဆွမ်းသုံးဆောင်သောအခါ ဆင်ခြင်ရန်"
ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊
လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး။
လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊
ရှည်အောင်တည်လျှက်၊ အသက်မျှတမ်း၊
မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊
ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊
ယာပိုက်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊
ချမ်းမြေ့အောင်ဟု၊ သုံးဆောင်မှီဝဲပါသတည်း။

"ကျောင်း၌ သီတင်းသုံးသောအခါ ဆင်ခြင်ရန်"
ချမ်းပူကိုဖျက်၊ ခြင်,မှတ်,လေ,နေ၊ ကင်း,မြွေ,ဝေးမှု၊
ဥတုဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊
နေရာကျောင်းကို၊ ကိန်းအောင်းမှီခိုပါသတည်း။

"ဆေးဝါးသုံးစွဲသောအခါ ဆင်ခြင်ရန်"
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊
စွန့်ခွါပယ်လျင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊
သာသနာကို၊ ကြည်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်၊
ရည်မှန်းသုံးဆောင်ပါသတည်း။

"အလုံးစုံပစ္စည်းလေးပါးကို သုံးစွဲရာ၌ ဆင်ခြင်ရန်"
ဖိနပ်ဆီးမီး၊ ထီးတောင်ဝှေးစ၊ ဟူသမျှကို၊
အေးမြချမ်းပူ၊ မြေငူသစ်ငုတ်၊ ခလုပ်ဆူးငြောင့်၊
မနှောင့်ဘေးဘျမ်း၊ မသန်းကင်းစင်၊ စိတ်ကြည်လင်၍၊
အားအင်ပြည့်မှာ၊ သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊
ဖြည့်နိုင်အောင်ဟု၊ သုံးဆောင်မှီဝဲ ပါသတည်း။

နတ်ပြည်၌ အနာဂါမ်နှင့် ရဟန္တာတို့ ဘာ့ကြောင့် မနေနိုင်သနည်း၊ မနေနိုင်လျှင် ဘယ်သွားကြ သနည်း။????

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်
"အရှင်ဇနကာဘိဝံသ"

ကိုယ်ကျင့်အဘိဓမ္မာ
မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

နတ်ပြည်၌ အနာဂါမ်နှင့် ရဟန္တာတို့ ဘာ့ကြောင့်
မနေနိုင်သနည်း၊ မနေနိုင်လျှင် ဘယ်သွားကြ
သနည်း။????
    ဤသို့ကာမဂုဏ်စခန်း၌ အစွမ်းကုန်
ပျော်ဖွယ်ကောင်းသည့်အပြင် ပျော်မွေ့ဖွယ်
ကောင်းသလောက်လည်း ပျော်စံလေ့ရှိကြသော
ကြောင့် ကာမဂုဏ်ကို စက်ဆုပ်သော အနာဂါမ်နှင့်
ရဟန္တာအဖြစ်သို့ ရောက်သောအခါ နတ်ပြည်မှာ
ကြာရှည်စွာမနေနိုင်ကြတော့ဘဲ အနာဂါမ်ဖြစ်သူတို့
ဗြဟ္မာ့ပြည်သို့ စုတေရွှေ့ပြောင်း၍ ရဟန္တာအပေါင်း
တို့မှာ ပရိနိဗ္ဗာန် စံကြလေတော့သည်။

နတ်ပြည်ကျမှ အန္တရာယ်ကင်း
ရန်ဘေးရှင်းလျက် တရားဘက်၌သာ
အားထုတ်၍ ယောဂီလုပ်မည်ဟု မမျှော်လင့်လေနှင့်။
လူ့ပြည်ကအသေအလဲ အားခဲသွားသူနှင့်
ဘုရားလက်ထက်တော်က ဘုရား
တရားကို နာရသူလောက်သာ နတ်ပြည်၌
တရားသားတက်ဖွယ်ရှိသည်။ မလိုလဲလိုလဲ
တရားမြဲသူကား နန္ဒနဥယျာဉ် အပေါက်ဝတွင်
တရားကလေးများ ပျောက်ကျရစ်လတ္တံ။

နတ်ပြည်၌ ကမ္မဋ္ဌာန်းအားထုတ်ဖို့ကို မဆိုထားဘိ
ဥပုသ်မကျိုးရအောင် စောင့်ဖို့လွယ်ကူရဲ့လား။???
    နတ်ပြည်၌ကမ္မဋ္ဌာန်းကိုမဆိုထားနှင့်၊
ဥပုသ်မကျိုးအောင်ပင် စောင့်စည်းဖို့ရာ
အပုံကြီးခဲယဉ်း၏၊ နတ်သမီးတွေ ပွတ်သီးပွတ်သပ်
ပြုချက်ကြောင့် သီလပျက်သည်ကသာ များလေ၏။
စမ္ပေယျနဂါးမင်းတို့ နဂါးပြည်မှာ မကြာမကြာ
ဥပုသ်ကျိုးရပုံနှင့် ဝိဓူရဇာတ်တော်လာ သိကြားမင်းတို့
လူ့ပြည်ဆင်း၍ ဥပုသ်စောင့်ရပုံကို ထောက်ပါလေ။
ဘုရားအလောင်းတော်တို့သည် ပါရမီဖြည့်ခွင့်မရကြ
သော နတ်ပြည်၌ သက်တမ်းစေ့အောင်မနေရဘဲ
စုတေခြင်း တစ်မျိုးဖြင့် စုတေအောင် ဓိဋ္ဌာန်ကာ
လူ့ပြည်၌သာ ပါရမီ ဖြည့်တော်မူကြသည်။

Friday, October 19, 2012

လယ်တီဆရာတော်ဘုရားကြီး၏ ခုနှစ်နေ့ ဘုရားရှိခိုးလင်္ကာ

၁။ သုံးလူ့ရှင်ပင်- ကျွန့်ထိပ်တင် သောင်းခွင် စကြဝဠာ၊
နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့ ကိန်းပါကို။

၂။ သန္ဓေယူခါ- ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊
ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊
ချမ်းမြေ့စုံစီ၊ လုမ္ဗနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
နတ်လူအောင်မြို့ လမ်းပါကို။

၃။ ဖွားမြင်မြောက်သော်- ဆယ့်ခြောက်နှစ်ရွယ်၊
ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊
ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုကာ၊
ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊
တောရိပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။

၎။ တောရိပ်မြိုင်ပေါ်- ခြောက်နှစ်ပျော်၍၊
ခါတော်တပုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊
ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊
နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်ကာ၊
ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
သုံးဘော်လူတို့ ငြိမ်းပါကို။

၅။ ဘုရားဖြစ်ခါ- မိဂဒါသို့၊ စကြာရွှေဖွား၊
ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီအပေါင်း၊
တိုက်တစ်သောင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊
ဓမ္မစက်ကို၊ မိန့်မြွတ်ထွေပြား၊ ဟောဖော်ကြားသည်၊
တရားနတ်စည် ယွန်းတယ်ကို။

၆။ တရားနတ်စည်- ဆော်ယွမ်းလည်က၊ သုံးမည်ဘုံသိုက်၊
တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊
သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူတို့ဖြင့်၊
ဆောင်ပို့ပြီးခါ၊ ဝါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊
နယ်မလ္လာတိုင်၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊
အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊
ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။

Friday, October 5, 2012

အာနာပါန အလုပ်ဖြင့် ဗောဇ္ဈင် ၇-ပါးပွားများမှုကိစ္စပြီးပုံ

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး
ပြုစုတော်မူသော
အာနာပါနဒီပနီ မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်

အာနာပါန အလုပ်ဖြင့်
ဗောဇ္ဈင် ၇-ပါးပွားများမှုကိစ္စပြီးပုံ

အယုအခါ အနာပါနအလုပ်ကို အားထုတ်စွဲမြဲသော
သူတို့အား ဗောဇ္ဈင် ၇-ပါး ပွားများမှုကိစ္စ ပြီးစီးပုံကို
ပြဆိုပေအံ့။
၁။သတိသမ္ဗောဇ္ဈင်
    သတိပဋ္ဌာန်အလုပ်မျိုးဖြစ်ခဲ့၍ တစ်နေ့
တစ်ခြား ထိုအာရုံ၌ သတိစွဲမြဲမှု, တိုးပွား၍
သွားမှုသည် သတိသမ္ဗောဇ္ဈင်တရား ပွားများမှု
မည်၏။
၂။ဓမ္မဝိစယသမ္ဗောဇ္ဈင်
    ထိုအာနာပါနအလုပ်ကို အားထုတ်သော
သူတို့အား ထိုအလုပ်တွင် ပါဝင်သော ဓမ္မတို့၌
တစ်နေ့တစ်ခြား အဆင်ခြင် အစဉ်းစား အလိမ္မာပွား၍
သွားမှုသည် ဓမ္မဝိယသမ္ဗောဇ္ဈင်တရား ပွားများမှုမည်၏။
၃။ဝီရိယသမ္ဗောဇ္ဈင်
    ထိုအလုပ်၌ တစ်နေ့တစ်ခြား ဝီရိယတရား
တိုးပွား၍သွားမှုသည် ဝီရိယသမ္ဗောဇ္ဈင်တရား ပွားများမှု
မည်၏။
၎။ပီတိသမ္ဗောဇ္ဈင်
    ပီတိပ္ပဋိသံဝေဒီ အဖြစ်သို့ ရောက်သဖြင့်
ထိုအာရုံ ထိုအမှု၌ တစ်နေ့တစ်ခြား စိတ်ပျော်မွေ့ခြင်း
ပွါးစီး၍သွားမှုသည် ပီတိသမ္ဗောဇ္ဈင်တရား ပွားများမှု
မည်၏။
၅။ပဿဒ္ဓိသမ္ဗောဇ္ဈင်
    ထိုအာရုံ ထိုအမှု၌ စိတ်ပျော်မွေ့ခြင်း ပီတိတရား
ဖြစ်ပွားသောအခါမှစ၍ ထိုအလုပ်၌ ပျင်းရိခြင်း၊ ငိုက်မျဉ်းခြင်း
အစရှိသော ပူလောင်မှုတို့သည် အစဉ်အတိုင်းငြိမ်းကုန်၏၊
ထိုအခါ ပဿဒ္ဓိသမ္ဗောဇ္ဈင် တရားပွားများရာ၏၊
၆။သမာဓိသမ္ဗောဇ္ဈင်
    ပဿဒ္ဓိတရား ပွားများသည်ရှိသော် ထိုအာရုံ၌
စိတ်၏ကောင်းစွာတည်ကြည်ခြင်း ဟူသော သမာဓိသမ္ဗောဇ္ဈင်
တရားလည်း ဖြစ်ပွားတော့သည်။
၇။ဥပေက္ခာသမ္ဗောဇ္ဈင်
    သမာဓိသမ္ဗောဇ္ဈင်တရား ဖြစ်ပွားသည်ရှိသော်
စိတ်မငြိမ်သက်မှုအတွက်နှင့် ကြောင့်ကြစိုက်ဖွယ်မရှိ၊
လျစ်လျူရှုသောအားဖြင့် ထိုအာရုံ၌ စိတ်ကိုလွှတ်၍
ထားရတော့သည်။ ထိုအခါ ဥပေက္ခာသမ္ဗောဇ္ဈင် တရား
ပွားများမှုမည်၏။

ဗောဇ္ဈင် ခုနစ်ပါး ပွားများမှုကိစ္စပြီးပုံ ပြီး၏။

Monday, October 1, 2012

ပယောဂစွဲကပ်သူအသွင် ဒိဋ္ဌိအမြင်

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး

ပြုစုတော်မူသော

ဘာဝနာဒီပနီ မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်



ပယောဂစွဲကပ်သူအသွင် ဒိဋ္ဌိအမြင်

ဥပမာတစ်ခုကို ဆိုအံ - - - -

လူ့အလို

လောက၌ ပယောဂစွဲကပ်သောသူသည်

လူ့အလို မကွယ်သေးမီ မိမိ၌ ပယောဂကပ်မှန်း

သိသေး၏။ ပယောဂအလိုနှင့် က,မိ ခုန်မိသည့်နောက်

လူ့အလိုနှင့် ရှက်သေး၏။ ထိုအခါ ဆေးကုခွင့် ရသေး၏။

ဆေးကုမှုကို တောင့်တ၏။

ပယောဂအလို

အကြင်အခါ၌ ပယောဂ၏ တန်ခိုးအားဖြင့်

လူ့အလိုလုံးလုံး ကွယ်ပျောက်၏။ ပယောဂအလိုသို့

လုံးလုံးပါ၏၊ ပယောဂအလိုကို မိမိအလိုဟု ဖောက်ပြန်၏၊

ထိုအခါမှစ၍ ဆေးကုခွင့် မရပြီ။ ပယောဂကပ်မှန်း မသိပြီ။

ပယောဂစကား ဆေးစကားကို ကြားမှ မကြားလိုပြီ။

ဟိရီ သြတ္တပ္ပ မရှိပြီ၊ ပယောဂ အလိုအတိုင်း ပြု၍ နေရမှ

ချမ်းသာတော့သည်၊ ဤသူသည်လည်း ပယောဂအလိုနှင့်

က,ရ ခုန်ရသည်ကို မိမိအလိုနှင့် က,သည် ခုန်သည်ဟု

သူ့စိတ်တွင် ကြောင်ကြောင်ထင်မြင်လျက် ရှိ၏။

ဤဥပမာအတိုင်း တစ်လောကလုံး ဖြစ်နေကြပုံကို

အကုန်မြော်လေ။ သတ္တဝါတို့၏ ပကတိအလိုနှင့် စပ်ဆိုင်သော

အရာ မဟုတ်ဘဲလျက် မျက်စိအလိုသို့ လိုက်မှုနှင့် ကြည့်ရှု

မျှော်မော့ရသောအရာတို့၌ ငါ့အလိုနှင့်ကြည့်သည် ရှုသည်

မျှော်သည် မော့သည်ဟု မိမိစိတ်တွင် ကြောင်ကြောင်ကြီး

မြင်၍နေမှုကို ဒိဋ္ဌိအမြင် ဆိုသတည်း။

သောတ, ဃာန, ဇိဝှါ, ကာယ, မနောတို့၌

ဤနည်းအတိုင်းသိလေ။ ပယောဂ ဥပမာ၌ - - - လူ့အလို,

ပယောဂအလို ကွဲပြားသေးသောအခါ၌ ပယောဂသည်

သောင်းကျန်းလိုတိုင်း သောင်းကျန်းခွင့် မရသေး၊ လူ့အလို

ကွယ်ပျောက်၌ ပယောဂအလို လုံးလုံးရောက်သောအခါ၌

မူကား သောင်းကျန်းလိုတိုင်း သောင်းကျန်းနိုင်တော့သည်။

ဆရာအစွမ်းကောင်းနှင့်တွေ့၍ လူ့အလိုပေါ်လာမှ အသောင်း

ကျန်း လျော့ပေတော့မည်။

ဉာဏ်အမြင် ဖောက်ပြန်တတ်ပုံ

ထို့အတူ အနမတဂ္ဂသံသရာ၌ ကျင်လည်၍

နေကြကုန်သော သတ္တဝါတို့မှာလည်း အကြင်မျှလောက်သော

သံသရာကာလပတ်လုံး မိမိတို့သန္တာန်၌ ရှိနေသော ဓမ္မတို့ကို

လည်းကောင်း, ဓမ္မတို့၏ အလိုတို့ကိုလည်းကောင်း ဉာဏ်အမြင်

မပေါက်ကြသေး၊ ဓမ္မတို့၏ အသီးသီးသော အလိုတို့ကို မိမိအလို

ပြု၍ လိုက်ကြကုန်သေး၏။ ထိုမျှလောက်သော သံသရာ

ကာလပတ်လုံး ဓမ္မတို့သည် သောင်းကျန်းလိုတိုင်း သောင်းကျန်း

ခွင့် ရကြကုန်၏။

အဘယ်ကြောင့်နည်းဆိုသော်- အလိုမည်သည်

ခပ်သိမ်းသော် သတ္တဝါတို့ကို လွန်စွာဆောင်နိုင်၏။ တောင်ပေါ်မှ

အဟုန်နှင့်တကွ စီးဆင်း၍ လာသော မြစ်ရေအယဉ်နှင့်တူ၏။

သတ္တဝါတို့သည် ထိုမြစ်ရေအယဉ်၌ မျော၍ပါကုန်သော

ဘော့မှိုက်, ဘော့တိုက်တို့နှင့် တူကုန်၏။



ကိလေသာ သောင်းကျန်းပုံ

လောက၌ ခပ်သိမ်းသော သတ္တဝါတို့၏ အမှုသည်

အသီးသီး မိမိတို့အလိုရှိရာကို အစွမ်းရှိသမျှ ဖြည့်စွမ်းမှု

တစ်ခုသာတည်း၊ ဓမ္မတို့၏ အလိုကို မိမိတို့အလို ထင်မှတ်ကြ

ကုန်သော သတ္တဝါတို့သည် လောဘ, ဒေါသ, မောဟ, မာန,

ဒိဋ္ဌိ အစရှိကုန်သော ဓမ္မတို့ကို အလိုရှိတိုင်း လွှတ်၍ ပေးကြကုန်၍

ဓမ္မတို့သည် သောင်းကျန်းလိုတိုင်း အခွင့်ရကြကုန်၏၊

အခွင့်ရတိုင်းလည်း သောင်းကျန်းကြကုန်၏။



လောဘ သောင်းကျန်းပုံ

အနမတဂ္ဂ သံသရာ၌ လောဘသည် မိမိအလိုသို့

လိုက်ကြသူ လူ, နတ်, ဗြဟ္မာ, သတ္တဝါတို့ကို တောင်ပေါ်ကျ

မြစ်ရေကဲ့သို့ အပါယ်လေးပါးသို့ အတွင်မျှောမှုနှင့်

သောင်းကျန်း၏။

ဒေါသ သောင်းကျန်းပုံ

ထို့အတူ- ဒေါသသည်လည်း အတွင်မျှော၏၊

အပါယ်သို့ ကျရောက်လာကုန်သော သတ္တဝါတို့ကို

အပါယ်မှ ထွက်ပေါက် လွတ်ပေါက် မရှိသည်ကိုပြု၍

မျှော၏။ အပါယ်တခွင်၌သာ ကျင်လည်မြုပ်မျော၍

နေစေ၏။

မာန သောင်းကျန်းပုံ

တပေါင်း, တန်ခူးအခါ၌ လာကုန်သော

လေတို့သည် တောတောင်တခွင်တို့၌ ရင့်ရော်ကြကုန်သော

သစ်ရွက်တို့ကို အောက်မြေပြင်သို့ အကုန်ခြွေချကုန်သကဲ့သို့

မာန သည် အထက်ထက်သော နတ်ပြည်, ဗြဟ္မာပြည်တို့၌

အသက်တမ်း ရင့်ရော်ကြကုန်သော နတ်,ဗြဟ္မာတို့ကို

အောက်မြေပြင်သို့ အတွင်ခြွေချ၏။

ဒိဋ္ဌိ သောင်းကျန်းပုံ

သမုဒြာ ပင်လယ်စောင့်နတ်တို့၏ အမျက်ထွက်

မှုနှင့် တိုးတက်ဆူဝေသော ပင်လယ်ရေသည် ကျွန်းအလုံး

နိုင်ငံအလုံးကို လွှမ်းမိုး၍ သမုဒြာပင်လယ်သို့ချည်း

အကုန်မျှောချသကဲ့သို့ အာသာကြီးတစ်မျိုးတစ်မျိုးအနေနှင့်

သောင်းကျန်းသော ဒိဋ္ဌိသည် မိမိထွန်းကား၍ နေသမျှကာလ

ပတ်လုံး ထိုကျွန်း ထိုနိုင်ငံတို့ကို အပါယ်သို့ချည်း အကုန်

မျှောလေ၏။

မောဟ သောင်းကျန်းပုံ

အပါယ်သို့ ရောက်လာသမျှတို့ကို ထွက်ပေါက်

လွတ်ပေါက် မရှိအောင် အလုံပိတ်မှုသည်ကား မောဟ၏

တာပေတည်း။

နခသိခသုတ်, ကာဏကစ္ဆပေါပမသုတ် ဒေသနာ

တို့နှင့်တကွ အပါယ်လေးဘုံတို့မှာ သတ္တဝါ အသိုက်အအုံ

ကြီးကျယ်ပုံကို မြော်လေ၊ ကြွင်းသော တစ်ထောင့်ငါးရာ

ကိလေသာဓမ္မတို့၏ သောင်းကျန်းမှုတို့ကိုလည်း ဤနည်းတူ

သိလေ။

ဗုဒ္ဓဘာသာ သာသနာမှအပ ဖြစ်ကြကုန်သော

ကမ္ဘာမြေပေါ်ရှိ လူသတ္တဝါတို့နှင့်တကွ ရေသတ္တဝါ,

ကုန်သတ္တဝါတို့ကို အကုန်မြော်မိကြပါလျှင်လည်း ကမ္ဘာဆူ

ဝေလုမျှ အကုသိုလ်ဓမ္မတို့၏ သောင်းကျန်းမှု ကြီးကျယ်ပုံကို

မြင်နိုင်ကြကုန်ရာ၏၊ ဤနည်းအတိုင်း အနမတဂ္ဂသံသရာ

တစ်ခွင်လုံး မြင်ကြလေကုန်။

ဤအလုံးစုံသော သတ္တဝါတို့သည် မိမိတို့၏

ပကတိအလို ကွယ်ပျောက်၍ ဓမ္မတို့၏ အလိုတစ်လမ်းသာ

ရှိနေကြကုန်၏။

သင်္ခါရဒုက္ခ နက်နဲပုံ

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး

ပြုစုတော်မူသော

ဘာဝနာဒီပနီ မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်



သင်္ခါရဒုက္ခ နက်နဲပုံ

အသက်မွေးမှု အစာအာဟာရမှုနှင့် တစ်

လောကလုံး ဒုစ္စရိုက်လောကကြီး ဖြစ်နေပုံကို

မြင်ရလိမ့်မည်၊ ပြုပြင်မှုကြီး အမြဲဖုံးလွှမ်း၍ နေသည့်

တွက်ကြောင့် ခန္ဓာ ၅-ပါးတို့၏ အစိုးမရမှုကြီးသည်

အလွန်နက်နဲ၍ နေ၏၊ မြင်းမိုရ်တောင်ကြီး ဖုံးလွှမ်း၍

နေသော မုန့်ညှင်းစေ့ကဲ့သို့ အလားတူ၏၊ ပညာရှိတို့

ရိပ်မိရုံမျှ ပြဆိုလိုက်သည်၊ ပြုပြင်မှုတွေကို အစေ့အစပ်

မြင်တတ်မှ ရိပ်မိကြမည်။

ပဋ္ဌာန်း ၂၄-ပစ္စည်းသည် ပြုပြင်မှုအသိုက်

အအုံကို ကမ်းကုန် လမ်းကုန် ဝေဖန်သော အစီအရင်

ပေတည်း၊ နက်နဲလေစွ။

အစိုးမရသော အလိုသို့မလိုက်သော

ခန္ဓာငါးပါးတို့ကို အစိုးရသည်, အလိုသို့လိုက်သည်ဟု

ထင်နေကြရာ၌ အကြောင်းရင်းကြီးတစ်ခုကို ပြဆိုဦးအံ့၊



အလို ၂-မျိုး၊ ၊အလိုသည် - -

၁။ ပုဂ္ဂိုလ်၏ အလို၊

၂။ ဓမ္မ၏ အလို၊

ဟူ၍ နှစ်မျိုးရှိ၏၊



ပုဂ္ဂိုလ်အလို

ပုဂ္ဂိုလ်၏ အလိုဆိုသည်ကား ခပ်သိမ်းသော

သတ္တဝါတို့သည် ပကတိသော သဘောအားဖြင့် အနမတဂ္ဂ

သံသရာ၌ ချမ်းသာကိုသာ အစဉ်ထာဝရ အလိုရှိကြကုန်၏၊

တရံတဆစ်မျှ ဆင်းရဲကို အလိုမရှိကြကုန်၊ ကောင်းမြတ်သည်

ကိုသာ အစဉ်ထာဝရ အလိုရှိကြကုန်၏၊ ယုတ်ညံ့သည်ကို

တရံတဆစ်မျှ အလိုမရှိကြကုန်။

ဤကား ပုဂ္ဂိုလ်၏ အလိုတည်း၊ ပုဂ္ဂိုလ်၏ အကြိုက်တည်း။



ဓမ္မအလို

ဓမ္မအလိုဟူရာ၌ ခပ်သိမ်းသော သင်္ခါရဓမ္မတို့သည်

ပြုပြင်မှုကို အမြဲအလိုရှိကုန်၏၊ အပြုအပြင် အလွန်ကြိုက်ကုန်၏၊

သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ----

ဟူသော ပါဋ္ဌိတော်မြတ်နှင့်အညီ မိမိ မိမိတို့ကြိုက်ရာ

ကြိုက်ရာ အကြောင်းတရားတည်းဟူသော အစာအာဟာရကို

အမြဲကိစ္စ အလိုရှိကြကုန်၏၊ အစာအာဟာရနှင့် ကင်းခဲ့လျှင်

မျက်တောင်တစ်ခက်မျှ မနေနိုင်ကြကုန်၊ ချုပ်ကွယ်၍သာ

သွားကြကုန်၏၊ အစာအာဟာရပြည့်စုံလျှင် ပြည့်စုံသည့်အလျောက်

ကြီးပွါးစည်ကားကြကုန်၏၊ အစာအာဟာရ လျော့ပါးလျှင်

လျော့ပါးသည့်အလျောက် ဆုတ်ယုတ်ကြကုန်၏၊ ထင်မီးစာနှင့်

မီးကဲ့သို့တည်း။

ဤကား ရုပ်နာမ်နှစ်ပါးတို့နှင့် ဆက်ဆံသော ဓမ္မအလိုတည်း။



လူနာရောဂါနှင့် ဓာတ်ကြိုက် ဓာတ်စာ ဥပမာ

ဤ၌ ရုပ်ဓာတ်, နာမ်ဓာတ်တို့၏ ဓာတ်ကြိုက်ကို

ဓမ္မအလိုဆိုသည်၊ လောက၌ မကျန်းမမာ ရှိကြရာ၌

ဓာတ်ကြိုက်သော အစာ, ဓာတ်မကြိုက်သောအစာဟူ၍

ရွေးချယ်ကြရ၏၊ သူနာ၏ အလိုအကြိုက်ကို မလိုက်မူ၍

အဇ္ဈတ္တဓာတ်တို့၏ အလို, ဓာတ်တို့၏ အကြိုက်ကို ပညာဖြင့်

ဆင်ခြင်၍ ဓာတ်အလိုရှိသောအစာ, ဓာတ်ကြိုက်သော အစာ,

ဓာတ်တောင်းသောအစာကို ပေးမှ ရောဂါပျောက်ငြိမ်းသည်၊

ဓာတ်အလိုမရှိသော အစာ, ဓာတ်မကြိုက်သော အစာ,

ဓာတ် မတောင်းသော အစာကို ပေးခဲ့လျှင် ဆေးအတွက်

ဥပဒ်ဖြစ်တတ်သည်။

ပထဝီလွန်ကဲ၍ ဖြစ်သောအနာ၌ ပထဝီဓာတ်ကြိုက်ကို

ပေးမိပြန်လျှင် ရောဂါတိုး၏၊ ပထဝီဓာတ်မကြိုက်သော အစာကို

ပေးရာ၏၊ ပထဝီနုံ့၍ ဖြစ်သော အနာ၌ ပထဝီဓာတ်ကြိုက်သော

အစာကို ပေးရာ၏၊ ပထဝီဓာတ်မကြိုက်သော အစာကိုရှောင်ရာ၏၊

ထိုအတူ အာပေါနာ စသည်တို့၌လည်း အလွန်,

အနုံ့ကိုသိ၍ အာပေါဓာတ် ကြိုက်သောအစာ, အာပေါဓာတ်

မကြိုက်သော အစာ, တေဇောကြိုက်သောအစာ, တေဇော

မကြိုက်သော အစာ, ဝါယော ကြိုက်သောအစာ, ဝါယော

မကြိုက်သော အစာ, သည်းခြေ ဓာတ်ကြိုက် မကြိုက်သော

အစာ, သလိပ်ဓာတ်ကြိုက် မကြိုက်သော အစာတို့ကို ရွေးချယ်

၍ ပေးရသည်။



အကြိုက် ၃-မျိုး

၁။ သူနာဖြစ်သူ ပုဂ္ဂိုလ်က အကြိုက်တစ်မျိုး

၂။ ရောဂါက အကြိုက်တစ်မျိုး၊

၃။ အဇ္ဈတ္တဓာတ်တို့၏ အကြိုက်တစ်မျိုး၊

ဟူ၍ ၃-မျိုးရှိ၏၊



၁။ ပုဂ္ဂိုလ်အကြိုက်ကို ပုဂ္ဂိုလ်က တောင်းတတ်၏။

၂။ ရောဂါအကြိုက်ကို ရောဂါဟူသော ဝိသမ ဓာတ်ဆိုး

ဓါတ်ဝါးတို့က တောင်းတတ်ကုန်၏။

၃။ အဇ္ဈတ္တဓာတ်တို့၏ အကြိုက်ကို အဇ္ဈတ္တဓာတ်တို့က

တောင်းတတ်ကုန်၏။

ဤအဇ္ဈတ္တဓာတ်တို့၏ အကြိုက်ကို လိုက်ရာ၏၊

ပုဂ္ဂိုလ်အကြိုက် ရောဂါအကြိုက်တို့ကို မလိုက်ရာ၊ ပုဂ္ဂိုလ်အကြိုက်

ရောဂါအကြိုက်ကို လိုက်မိလျှင် မှားတတ်၏၊ ရောဂါတိုးတတ်၏၊

သေတတ်၏၊ အဇ္ဈတ္တ ဓာတ်အကြိုက်နှင့် ပုဂ္ဂိုလ်အကြိုက်

ထပ်တူကျသောအခါ သင့်လျော်၏၊ သူနာဖြစ် သူက ဘယ်ဟာကို

အလိုရှိသည်ဆိုရာ၌ အကြိုက်သုံးမျိုး ထွေး၍နေတတ်၏၊

အလိုလိုက်မှားတတ်၏။



ပုဂ္ဂိုလ်၏ အကြိုက်

ဤစကား၌ - ပုဂ္ဂိုလ်အကြိုက်ဆိုသော်လည်း ရှေး၌ပြ

ဆိုခဲ့သော ပကတိ သဘာဝအကြိုက် မဟုတ်သေး၊ ထိုမှတစ်ပါး

လောက၌ ဈေးရုံတို့၌ ရှိကုန်သော ကောင်းသော အရသာရှိကုန်

သော အမြစ် အရွက် အပွင့် အသီး စားဖွယ် သောက်ဖွယ် ခဲဖွယ်

လျက်ဖွယ် ဟူသမျှတို့သည် ပုဂ္ဂိုလ်၏အကြိုက်တို့တည်း။



ဓာတ်၏ အကြိုက်

တောချုံတို့၌ ရှိကုန်သော ခါးစပ် နံစော်သော အရသာ

ရှိကုန်သော အမြစ် အရွက် အပွင့် အသီးတို့သည်လည်းကောင်း

ဘိန္ဓောဆေး အပေါင်းတို့သည် လည်းကောင်း, အစိုးရဆေးရုံတို့၌

ရှိကုန်သော ခါးစပ် နံစော်သော ဆေးတို့သည်လည်းကောင်း

ဓာတ်အကြိုက်တည်း။

ပုဂ္ဂိုလ် အကြိုက်တို့သည် အနာရောဂါတို့ကို ဖြစ်စေ

တတ်ကုန်၏၊ အသက်ခန္ဓာတို့ကို ဆုံးပါးစေတတ်ကုန်၏။

ဓာတ်အကြိုက်တို့သည် အနာရောဂါတို့ကို ပျောက်ငြိမ်း

စေတတ်ကုန်၏၊ အသက်ခန္ဓာတို့ကို ရှည်စေတတ်ကုန်၏။



ပုဂ္ဂိုလ်အကြိုက် အဓိပ္ပါယ်

ဤ၌လည်း ပုဂ္ဂိုလ်အကြိုက်ဆိုသည်ကား တဏှာ

အကြိုက်ကို ဆိုသတည်း၊ ရှေး၌ ပြဆိုခဲ့သော ပကတိ သဘာဝ

အကြိုက်မဟုတ်သေး။



အကြိုက်နှစ်လမ်း

ဤသို့လျှင် လောက၌လည်း ပုဂ္ဂိုလ်အကြိုက် တစ်လမ်း,

ပုဂ္ဂိုလ်သန္တာန်၌ ရှိနေကုန်သော အတ္တဘော၏ အစောင့်အရှောက်

ဖြစ်ကုန်သော မြေဓာတ် ရေဓာတ် မီးဓာတ် လေဓာတ် သလိပ်ဓာတ်

သည်းခြေဓာတ် အစရှိကုန်သော ဝိသမဓာတ်တို့၏ အကြိုက်တစ်လမ်း

ဟူ၍ အကြိုက်နှစ်လမ်း ထင်းရှားရှိသည်ကို သိအပ်၏။

ကိုယ်ခန္ဓာ၌ ၂၄-ပစ္စည်းတပ်ခြင်း

ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး

ပြုစုတော်မူသော

ဘာဝနာဒီပနီ မှ ထုတ်နုတ်ဖော်ပြထားခြင်းဖြစ်သည်



ကိုယ်ခန္ဓာ၌ ၂၄-ပစ္စည်းတပ်ခြင်း



၂၄-ပစ္စည်းတွင် "အနန္တရ ပစ္စယော,

သမနန္တရ ပစ္စယော, နတ္ထိ ပစ္စယော, ဝိဂတ ပစ္စယော"

ဟူသော လေးပါးသော ပစ္စည်းတို့သည် တစ်ယောက်

သောသတ္တဝါတွင် နာမ်တရားတို့ နှစ်ဌာန ပြိုင်၍ဖြစ်ခြင်း

မရှိသည်ကိုဆိုခဲ့သော ပစ္စည်းတို့တည်း။



ဝိပ္ပယုတ္တပစ္စည်း

နာမက္ခန္ဓာ ၄-ပါးတို့သည် အရေတွင်း

အသားတွင်း အကြောတွင်း အရိုးတွင်း ဦးဏှောက်တွင်း

အဆုတ်တွင်း အသဲတွင်း နှလုံးသားတွင်း နှလုံးသွေးတွင်း

တို့၌ တဝင်းဝင်း တလက်လက် မစဲဖြစ်ပေါ်၍ နေကြကုန်

သော်လည်း ရုပ်ခန္ဓာတို့နှင့် ရောယှက်ငြိတွယ်ခြင်း မရှိကြ

ကုန်သည်ကို "ဝိပယုတ္တပစ္စည်း"ဆိုသတည်း။



အာရမ္မဏပစ္စည်း

ဓာတ်ရုပ်ကြီးကို အပ၌ လေသလပ်မှု,

အတွင်း၌ ဓာတ်သားချင်းကြိတ်မှုရှိမှသာလျှင် ဓာတ်မီးဖြစ်

ပေါ်နိုင်သကဲ့သို့ အာရုံ ၆-ပါး ထိခိုက်မှုရှိမှသာ ထိခိုက်ရာ

ဌာန၌ ဝိညာဏ် ၆-ပါး, နာမက္ခန္ဓာ ၄-ပါးတို့ ဖြစ်ပေါ်နိုင်ကြ

သည်ကို "အာရမ္မဏပစ္စည်း"ဆိုသတည်း။



အဓိပတိပစ္စည်း

အထူးအားဖြင့် ခင်မင်ကြသော အာရုံမျိုးကို

"အဓိပတိပစ္စည်း"ဆိုသတည်း။



ဟေတုပစ္စည်း

လောဘ, ဒေါသ, မောဟ, အလောဘ,

အဒေါသ, အမောဟတို့၏ ရုပ်, နာမ်ခန္ဓာတို့အား အမြစ်မူလ

ကိစ္စဖြင့် ကျေးဇူးပြုမှုကို "ဟေတုပစ္စည်း"ဆိုသတည်း



သဟဇာတ, အညမညပစ္စည်း

ခက်မာမှု ဖွဲ့စေးမှု ပူမှု အေးမှု အစရှိသော

ရုပ်ခန္ဓာလျှင် ရုပ်ခန္ဓာချင်း, သိမှု ခံစားမှု မှတ်မှု စေ့ဆော်မှု

အစရှိသော နာမ်ခန္ဓာလျှင် နာမ်ခန္ဓာချင်း ပြိုင်းခနဲ ပြိုင်းခနဲ

အတူတကွ ဖြစ်ပေါ်ကြသည်ကို "သဟဇာတပစ္စည်း,

အညမညပစ္စည်း" ဆိုသတည်း။



နိဿယပစ္စည်း

ရုပ်လျှင်ရုပ်ချင်း နာမ်လျှင်နာမ်ချင်း မှီကြရ

သည်ကို လည်းကောင်း၊ နာမက္ခန္ဓာတို့သည် ရုပ်ခန္ဓာတို့၌

မှီကြရသည်ကိုလည်းကောင်း "နိဿယပစ္စည်း" ဆိုသတည်း။



ဥပနိဿယပစ္စည်း

အမိကျေးဇူး အဖကျေးဇူး သားကျေးဇူး

သမီးကျေးဇူး အိမ်ကျေးဇူး ယာကျေးဇူး နွားကျေးဇူး

ကျွဲကျေးဇူး မြေကျေးဇူး ရေကျေးဇူး မီးကျေးဇူး ထင်းကျေးဇူး

မိုးကျေးဇူး လေကျေးဇူး တောကျေးဇူး တောင်ကျေးဇူး

ဘုရားကျေးဇူး တရားကျေးဇူး သံဃာကျေးဇူး ဆရာသမားကျေးဇူး

အစရှိသော လောကဉာဏ်ရှိသမျှ သိမြင်ကြသော လောက၌

ကျေးဇူးကြီး, ငယ်အနန္တတို့ကို "ဥပနိဿယပစ္စည်း" ဆိုသတည်း။



ပုရေဇာတပစ္စည်း

နှလုံးသွေး၌ ဖြစ်ပေါ်ကြသော နာမက္ခန္ဓာ ၄-ပါးတို့

သည်ကား အတိတ် အနာဂတ် ဖြစ်သော ရှေးရှေးနှောင်းနှောင်း

အာရုံတို့ကိုလည်းကောင်း, မိမိတို့နှင့် အပြိုင်ဖြစ်ပေါ်သော

အာရုံတို့ကိုလည်းကောင်း အစွဲပြု၍ ဖြစ်ပေါ်နိုင်ကြကုန်၏။

နှလုံးသွေးမှတစ်ပါး စက္ခု, သောတအစရှိသော

တစ်ကိုယ်လုံး တစ်ကောင်လုံး၌ ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ

၎-ပါးတို့သည်မူကား ထိုသို့မဟုတ်ကြကုန်၊ စက္ခု, သောတအစရှိ

သော ကိုယ်အင်္ဂါတို့၌ အဆင်း, အသံအစရှိသော ပစ္စုပ္ပန်အာရုံတို့

၏ ခိုက်မှု, တိုက်မှုကို အစွဲပြု၍သာ ဖြစ်ပေါ်နိုင်ကြကုန်၏၊

ခိုက်တိုက်လာသော ပစ္စုပ္ပန်အာရုံတို့ကိုသာ အာရုံပြုနိုင်ကြကုန်၏၊

အာရုံတို့က ဖြစ်ပေါ်မှုအတန်ငယ် ရှေ့ကျလျက် အလျင်တင်ကူး၍

လှုံ့ဆော်ကြကုန်၏၊ ဤသို့သော ကျေးဇူးကို "ပုရေဇာတပစ္စည်း"

ဆိုသတည်း။



ပစ္ဆာဇာတပစ္စည်း

ရှေးရှေးတင်ကူး၍ ပေါက်ရောက်ပြီးသော မြက်သစ်ပင်

တို့အား ကြီးပွားခြင်းငှါ နောက်နောက် ရွာသွန်းသော မိုးရေသည်

ကျေးဇူးပြုသကဲ့သို့ ရှေးရှေးတင်ကူး၍ ဖြစ်ပေါ်နှင့်ကြကုန်သော

ရုပ်ခန္ခာတို့အား ထက်သန်ကြစေခြင်းငှါ နောက်နောက်၌ တစ်သုတ်

တစ်သုတ်ဖြစ်ပေါ်ကြကုန်သော နာမက္ခန္ဓာ ၄-ပါးတို့သည် ကျေးဇူး

ပြုကြပေကုန်၏၊ ဤသို့သော ကျေးဇူးကို "ပစ္ဆာဇာတပစ္စည်း"

ဆိုသတည်း။



အာသေဝနပစ္စည်း

စက်ကိရိယာတို့သည် အဆင့်ဆင့် အားပေးကြကုန်

သကဲ့သို့ နောက်နောက်သော ဇောနာမက္ခန္ဓာတို့အား ရှေးရှေးသော

ဇော နာမက္ခန္ဓာတို့သည် အဆင့်ဆင့် အားပေးကြကုန်၏၊ ဤသို့သော

အားပေးမှုကို "အာသေဝနပစ္စည်း"ဆိုသတည်း။



ကမ္မပစ္စည်း

ရှေး၌သင်္ခါရက္ခန္ဓာအခန်းတွင် ပြဆိုခဲ့ပြီးသော စေတနာ၏

စိတ်ကို ရပ်တည်မရအောင် စေ့ဆော်မှု လှုံ့ဆော်မှု အပူအပြင်းတိုက်

တွန်းမှုကို "ကမ္မပစ္စည်း"ဆိုသတည်း။

သုဂတိဘုံဘဝသို့ရောက်၍ လူဖြစ်ရမှု နတ်ဖြစ်ရမှု

ဗြဟ္မာဖြစ်ရမှု ချမ်းသာသုံးပါးကို ခံစား စံစားကြရမှု ဒုဂ္ဂတိဘဝသို့

ရောက်၍ အပါသတ္တဝါဖြစ်ရမှု အပါယ်ဒုက္ခ ၄-ပါးကို ခံစားကြရမှုကို

လည်း "ကမ္မပစ္စည်း"ဟုဆိုသတည်း။



ဝိပါကပစ္စည်း

အိပ်ပျော်၍ နေစဉ်အခါ၌ ဘဝင်မနောတို့၏ ငြိမ်သက်မှု

ကို "ဝိပါကပစ္စည်း"ဆိုသတည်း။



အာဟာရပစ္စည်း

နေ့စဉ်မျိုအပ်သော ထမင်းအစာတို့၏ တစ်ဘဝ

တစ်ဘဝ၌ ရုပ်ခန္ဓာကြီးကို ခိုင်မြဲအောင် ထောက်ပံမှု, စိတ် ဖဿ

စေတနာတို့၏ အနမတဂ္ဂ သံသရာ၌ နာမ်ခန္ဓာအစဉ်ကို ခိုင်မြဲအောင်

ထောက်ပံ့မှုသည် "အာဟာရပစ္စည်း"မည်၏။



ဣန္ဒြိယပစ္စည်း

အစက္ခုရုပ်သည် စက္ခုဝိညာဏ် နာမက္ခန္ဓာ -ပါးတို့ကို

အစိုးရ၏၊ ထိုခန္ဓာ ၄-ပါးတို့သည် စက္ခုရုပ် နုံ့နှေးလျှင် နုံ့နှေးရကုန်၏၊

မျက်စိအမြင် မကြည်မလင်ဖြစ်ရ၏၊ စက္ခုရုပ် ထက်သန်လျှင်

ထက်သန်ကြကုန်၏၊ မျက်စိအမြင်ကြည်လင်၏၊ လူတို့၏စက္ခုရုပ်

ထက်သန်သည်ထက် နတ်တို့၏စက္ခုရုပ်သည် ထက်သန်၏

ထို့ကြောင့် အမြင်ခန္ဓာတို့သည် သစ်ပင်, တော, တောင်, မြေ,

ရေကို ဖောက်ထွင်း၍မြင်ကြကုန်၏။

သောတရုပ်, ဃာနရုပ်, ဇိဝှါရုပ်, ကာယရုပ်တို့၌လည်း

သူ့ဝိညာဏ်နှင့်သူ ဆိုလေ။

ဇီဝိတ စိတ်, ဝေဒနာ, သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ,

ပညာတို့သည် နာမက္ခန္ဓာ ၄-ပါးတို့ကို အသီးသီး အစိုးရကြကုန်၏၊

မိမိတို့ကိစ္စ၌ မိမိတို့နုံ့လျှင် နုံ့ကြရကုန်၏၊ ထက်လျှင် ထက်ကြရကုန်၏၊

ရုပ်ဇီဝိတသည် ကမ္မဇရုပ်တို့ကို အစိုးရ၏၊ ဇီဝိတနုံ့လျှင်

နုံ့ကြရကုန်၏၊ အသက်တို၏၊ ဇီဝိတထက်သန်လျှင် ထက်သန်ကြကုန်၏၊

အသက်ရှည်၏၊ ဤသို့သော အစိုးရမှုကို "ဣန္ဒြိယပစ္စည်း"ဆိုသတည်း။



ဈာနပစ္စည်း

ဝိတက်, ဝိစာရ, ပီတိ, ဝေဒနာ, ဧကဂ္ဂတာတို့၏

နာမက္ခန္ဓာတို့ကို အာရုံ၌ စူးစူးစိုက်စိုက် နေနိုင်ကြအောင် ကျေးဇူးပြု

မှုသည် "ဈာနပစ္စည်း"မည်၏။

သေနတ်ဖြင့် ငှက်ကိုပစ်ရာ၌ ဤဈာနပစ္စည်း မပါလျှင်

ရွယ်ပင် မရွယ်နိုင်။



မဂ္ဂပစ္စည်း

ပညာ, ဝိတက်, ဝိရတီသုံးခု, ဝီရိယ, ပီတိ, သတိ,

ဧကဂ္ဂတာ, ဒိဋ္ဌိတို့၏ နာမက္ခန္ဓာ ၄-ပါးကို ကာယကံ ဝစီကံ မနောကံ

မြောက်ကြောင်း, ဒုဂ္ဂတိ သုဂတိ နိဗ္ဗာန်သို့ ပေါက်ရောက်ကြောင်း

အဖြစ်ဖြင့် ကျေးဇူးပြုမှုသည် "မဂ္ဂပစ္စည်း"မည်၏။



သမ္ပယုတ္တပစ္စည်း

နာမက္ခန္ဓာ ၄-ပါးတို့၏ ဖြစ်အတူ ပျက်အတူ ယှဉ်ဖက်မှု

သည် "သမ္ပယုတ္တပစ္စည်း"မည်၏။



ဝိပ္ပယုတ္တပစ္စည်းကို ပြဆိုခဲ့ပြီ။



အတ္ထိ အဝိဂတပစ္စည်း

ပြဆိုခဲ့ပြီးသော ပစ္စည်းအပေါင်းတို့တွင် အကျိုးဖြစ်သော

ပစ္စယုပ္ပန်တရားတို့နှင့် ခဏပစ္စုပ္ပန်အပြိုင် ရကောင်းသော

သဟဇာတပ္စည်း ပုရေဇာတပစ္စည်း စသည်ကိုပင် "အတ္ထိပစ္စည်း"

"အဝိဂတပစ္စည်း" ဆိုသည်။



အနိစ္စာနုပဿနာဉာဏ် ပြီး၏။